၁၆. ၁၀. ၂၀၂၃
Written by Treasure
ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်အဖြစ် မကာအိုအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့သလို သွင်းဂိုး ၁ ဂိုးသွင်းယူပေးထားတဲ့ နောက်ခံလူ စိုးမိုးကျော်ဟာ ဖခင်နာရေးကိစ္စကြောင့် ဒုတိယအကျော့ပွဲစဉ်နဲ့ လွဲချော်တော့မှာလို့ သိရပါတယ်။
ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းနဲ့ မြန်မာအသင်းရဲ့ နောက်ခံကစားသမားဖြစ်တဲ့ စိုးမိုးကျော်ရဲ့ ဖခင်ဟာ အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်းက ၉၆ ပါးသောရောဂါနဲ့ ဘဝတစ်ပါးကို ကူးပြောင်းခဲ့တာကြောင့် မနက်ဖြန်အောက်တိုဘာ ၁၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် မကာအိုအသင်းနဲ့ ဒုတိယပွဲစဉ်အတွက် မြန်မာအသင်းနဲ့ မပူးပေါင်းနိုင်တော့တာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာအသင်းရဲ့ နည်းပြချုပ် မိုက်ကယ်နဲ့ အသင်းရဲ့ တာဝန်ရှိသူတွေကတော့ စိုးမိုးကျော်ရဲ့ ဖခင်နာရေးအတွက် စိုးမိုးကျော်ကို ခွင့်အဖြစ်သတ်မှတ်ပေးပြီး မကာအိုခရီးစဉ်မှာ မပါဝင်စေတော့ဘဲ အိမ်ပြန်ဖို့ ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။နောက်ခံလူ စိုးမိုးကျော်တစ်ယောက် မကာအိုအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် အဝေးကွင်းပွဲစဉ်အတွက် မြန်မာအသင်းနဲ့ မပူးပေါင်းနိုင်တာနဲ့ ပက်သက်ပြီး မြန်မာအသင်းနဲ့ နီးစပ်သူတစ်ဦးကတော့ ” စိုးမိုးကျော်က သူ့မိသားစုနာရေးရှိတဲ့အတွက် အသင်းက ခွင့်ပြုပေးလိုက်တာပါ။ ကိုယ့်မိတ်ဆွေတစ်ဦးရဲ့ မိသားစုဝင်တယောက် ဆုံးပါးသွားတဲ့အတွက်လည်း စိတ်မကောင်းပါဘူး” လို့ ပြောပါတယ်။
ဖခင်ကွယ်လွန်ဆုံးပါးသွားရအတွက် အသင်းနဲ့ ပူးပေါင်းနိုင်ခြင်းမရှိတဲ့ နောက်ခံလူ စိုးမိုးကျော်ကတော့ ပူဆွေးဝမ်းနည်းနေရသလို မြန်မာ့ဘောလုံးအသိုင်းအဝိုင်းနဲ့ မြန်မာဘောလုံးချစ်ပရိသတ်တွေကလည်း မိသားစုနဲ့အတူ ထပ်တူခံစားရကြောင်း နှစ်သိမ့်အားပေးခဲ့ကြောင်း သိရပါတယ်။
မြန်မာအသင်းရဲ့ နောက်ခံလူ စိုးမိုးကျော်ဟာ အခုနှစ်ရာသီမှာ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ချန်ပီယံ ဖနွမ်းပင်ခရောင်းအသင်းမှာ သွားရောက်ကစားနေသူ ဖြစ်သလို အသင်းမှာ ခြေစွမ်းပြသနိုင်မှုကြောင့် Line-Up ကစားသမားအဖြစ် ပွဲထွက်ခွင့်တွေရရှိထားသူလည်း ဖြစ်ပါတယ်။