၁၅. ၁၀. ၂၀၂၃
Written by Nay Aung
ဗြိတိန်နိုင်ငံ Brighton and Hove မြို့ကောင်စီသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဆုတစ်ဆုဖြစ်သော“Freedom of the City ဆုကို ပြန်လည်ရုပ်သိမ်းရန်စီစဉ်နေပြီး လာမည့် အောက်တိုဘာ ၁၉ ရက်တွင် ပြန်ရုပ်သိမ်းရန် သင့် မသင့်ဆိုသောအချက်ကို မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့သည် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ်က Freedom of the City ဆု ချီးမြှင့်ခဲ့ဖူးသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့ဖူးသော မြန်မာအစိုးရ အဖွဲ့လက်ထက်တွင် လူအခွင့်အရေးချိုးဖောက်မှုများရှိခဲ့သည့်အတွက် ဆုပြန်ရုပ်သိမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း မြို့ကောင်စီဝင်တစ်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆု၊ အမေရိကန်လွှတ်တော်၏ ရွှေတံဆိပ်ဆုအပါအဝင် ဆုအများအပြားချီးမြှင့်ခံထားရသူဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ထံ ချီးမြှင့်ထားသော ဆုကို ပြန်ရုပ်သိမ်းရန် သင့်မသင့်ဆိုသော မဲခွဲဆုံးဖြတ်မှုကို Hove Town Hall ကောင်စီတွင်ကျင်းပမည့်အထူးအစည်းအဝေး၌ ဆုံးဖြတ်မည်ဖြစ်ကြောင်း Brighton and Hove မြို့ကောင်စီကသတင်းထုတ်ပြန်ထားသည်။
Brighton and Hove မြို့ကောင်စီက” ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်းမှာ မြန်မာအစိုးရအဖွဲ့အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်အပြင် နိုင်ငံခြားရေးဝန်ကြီးတာဝန်တွေကို ရယူခဲ့တယ်။ ဒါပေမယ့် သူမ အစိုးရအဖွဲ့ကို ဦးဆောင်နေချိန်အတွင်းမှာပဲ ဘင်္ဂါလီတွေနဲ့ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေ အများအပြားဖြစ်ခဲ့တယ်”ဟု သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး အောက်စ်ဖိုဒ့်၊ လန်ဒန်၊ အီဒင်ဘတ်ချ်မြို့များအပါအဝင် မြို့အချို့သည် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသော Freedom of the City ဆုများ ပြန်ရုပ်သိမ်းခဲ့ဖူးသလို Amnesty International အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်ချီးမြှင့်ထားသည့် လူအခွင့်အရေးဆိုင်ရာဆုကို ပြန်ရုပ်သိမ်းခဲ့ဖူးကြောင်း သိရသည်။
Brighton and Hove မြို့ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချီးမြှင့်ထားသော ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းရန် ၂၀၁၈ ခုနှစ်က ကြိုးပမ်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ချိန်တွင် လုံလောက်သောမဲအရေအတွက်မျိုးမရခဲ့ကြောင်း၊ ဆုကို ပြန်လည်ရုပ်သိမ်းရန်အတွက် မဲခွဲရာတွင် သုံးပုံနှစ်ပုံထောက်ခံမဲရရှိရန်လိုအပ်ရာ မဲအလုံလောက်မရသည့်အတွက် ပြန်ရုပ်သိမ်းနိုင်ခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။
Ref; brightonandhovenews