၁၅. ၁၀. ၂၀၂၃
Writing By KMT
လက်ရှိအချိန်မှာ အာဆီယံ နိုင်ငံ့လက်ရွေးစင်အသင်းတွေအတွင်း ပြန်လည်ခေတ်စားလာတဲ့ နည်းတစ်နည်းကတော့ ပြည်ပကစားသမားတွေကို မွေးစားသားအဖြစ် အသုံးပြုပြီး နိုင်ငံလက်ရွေးစင်အသင်းမှာ အသုံးပြုတဲ့ နည်းလမ်းပါ။
မြန်မာအသင်းမှာလည်း ပါဝင်ကစားခွင့် ရရှိဖို့ လာရောက်ကြိုးစားခဲ့ဖူးတဲ့ မြန်မာနွယ်ဖွားကစားသမားအချို့ရှိခဲ့ပေမဲ့လည်း မြန်မာ့လဝကဥပဒေနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တဲ့အတွက် အခုချိန်ထိ မြန်မာအသင်းမှာ ပြည်ပကစားသမားတွေ မြန်မာနွယ်ဖွားကစားသမားတွေကို တွေ့မြင်ရမှုမရှိသေးပါဘူး။
ပြည်ပကစားသမား အသုံးပြုတာကို၂၀၀၄ ခုနှစ်ပတ်ဝန်းကျင်မှာ စင်ကာပူအသင်းက စတင်အသုံးပြုခဲ့ပြီး လက်ရှိအချိန်မှာလည်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အသင်းတို့ အသုံးပြုနေလျှက်ရှိပြီး ကမ္ဘောဒီးယားအသင်းကလည်း ဒီနည်းလမ်းကိုအသုံးပြုပြီး အောင်မြင်မှုကို ရရှိဖို့အတွက် စတင်အသုံးပြုလာပါပြီ။
၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ကစားနေတဲ့ ကမ္ဘောဒီးယားအသင်းဟာ အသင်းလူအင်အား ပိုမိုတောင့်တောင်းလာစေဖိုနဲ့ အာဆီယံဒေသတွင်း အောင်မြင်မှုရရှိလာစေဖို့ ဂျပန်နိုင်ငံသား ဘောလုံးသမားတစ်ဦးနဲ့ ကမ္ဘောဒီးယား-ကင်မရွန်းနွယ်ဖွား ကစားသမားတစ်ဦးကို လက်ရွေးစင်အသင်းအတွက် ပါဝင်ခွင့် ခွင့်ပြုပေးလိုက်တယ်လို့ ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လာတာပါ။
ကမ္ဘောဒီးယား လက်ရွေးစင်အသင်းနဲ့ ပါဝင်ပူးပေါင်းခွင့် ရရှိလာခဲ့တဲ့ ကစားသမားနှစ်ဦးက ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းရဲ့ ဂျပန်နိုင်ငံသား ယူကီအိုဂါဝါနဲ့ အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်အသင်းက ကင်မရွန်းကစားသမား ပီဘက်မာဘာကာတို့ပါ။
အသက်၂၇ နှစ်အရွယ် ဂျပန်နိုင်ငံသား ယူကီအိုဂါဝါက ဂျပန်နိုင်ငံ ကာနဂါဝါမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၁၉ နှစ်သားအရွယ်ကတည်းက ဂျပန်ဂျေလိဂ် တတိယတန်းကလပ် ဂီဖူးFC အသင်းနဲ့ စတင်နိုင်ခဲ့သူပါ။ ၂၀၁၈ခုနှစ်မှာ ကမ္ဘောဒီးယားစစ်တပ်အသင်းကို ပြောင်းရွေ့လာခဲ့အပြီး အန်ကောတိုက်ဂါးအသင်းကို ထပ်မံ ပြောင်းရွှေ့ခဲ့တာပါ။ ၂၀၂၁ ဘောလုံးရာသီမှာ အိုဂါဝါဟာ ဖနွမ်းပင်ခရောင်းအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီး အခုအချိန်ထိ အထူးခြေစွမ်း ပြသ အောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့သူပါ။
ကမ္ဘောဒီးယား လဝကဥပဒေအရ ပြည်ပနိုင်ငံသားတစ်ဦးဟာ ၅ နှစ်နေထိုင်လာရင် နိုင်ငံသားခံယူခွင့်ရှိတဲ့အတွက် အိုဂါဝါအနေနဲ့ ဂျပန်လက်ရွေးစင်ကစားသမား ဖြစ်ခွင့်ထက် ကမ္ဘောဒီးယားလက်ရွေးစင်အသင်းမှာ ပါဝင်ကစားခွင့်ကို ရွေးချယ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံသားအဖြစ် ခံယူခဲ့တာပါ။
ကမ္ဘောဒီးယား-ကင်မရွန်းနွယ်ဖွား တိုက်စစ်မှုးပီဘက်မာဘာကာဟာလည်း ကမ္ဘောဒီးယားနိုင်ငံသားအဖြစ် ခံယူပြီး ကမ္ဘောဒီးယားလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပီဘက်မာဘာကာရဲ့ ဖခင်က ကင်မရွန်းနိုင်ငံသားဖြစ်ပြီး မိခင်က ကမ္ဘောဒီးယားသူဖြစ်တာကြောင့် ပီဘက်မာဘာကာအနေနဲ့ ကင်မရွန်းနဲ့ ကမ္ဘောဒီးယားနိုင်ငံ အသင်းကြား နှစ်သက်ရာရွေးချယ်ခွင့်ရခဲ့သူပါ။ ပီဘက်မာဘာကာဟာ အာဖရိကကစားသမားအတိုင်း ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ထွားကျိုင်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားတာကြောင့် ငယ်စဉ်ကတည်းက တိုက်စစ်မှုးကောင်း တစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ခဲ့သလို ပရိုကစားသမားဘဝကိုလည်း ကမ္ဘောဒီးယား ဘောလုံးလောကမှာ စတင်နိုင်ခဲ့တာပါ။
ပီဘက်မာကာဟာ ၂၀၁၃ ခုနှစ်က စတင်ပြီး ကမ္ဘောဒီးယား ဘောလုံးလောကမှာ စတင်ကျင်လည်ခဲ့ပြီး ၂၀၂၁ ဘောလုံးရာသီမှာ အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်အသင်းကို ပြောင်းရွေ့ခဲ့တာပါ။ ပီဘက်မာဘာကာဟာ မိခင်ဖြစ်သူ တိုက်တွန်းချက်အရ ကမ္ဘောဒီးယားအသင်းကို ကိုယ်စားပြုကစားဖို့ ကြိုးစားခဲ့ပြီး ကမ္ဘောဒီးယားအသင်းက ရွေးချယ်ခဲ့တဲ့အတွက် သူ့ဆန္ဒဖြစ်မြောက်ခဲ့ပြီဆိုရမှာပါ။
ကမ္ဘောဒီးယားလက်ရွေးစင်အသင်းရဲ့ ကစားသမားတွေဖြစ်လာခဲ့တဲ့ ပီဘက်မာဘာကာနဲ့ယူကီအိုဂါဝါတို့ဟာ အောက်တိုဘာ ၁၂ ရက်နေ့က အာဖဂန်နစ္စတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲစဉ်ကို ပါဝင်ကစားခွင့် ရရှိခဲ့သလို ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်ကလည်း အောင်မြင်မှုတွေများစွာ ရရှိလာမယ်လို့ ယုံကြည်ထားကြပါတယ်။
ဘောလုံးမှာ အောင်မြင်မှုတွေနဲ့ ဝေးကွာသထက်ဝေးကွာလာတဲ့ မြန်မာနိုင်ငံဟာလည်း တခြားနိုင်ငံသားတွေကို မွေးစားသားပေးတာမျိုး လုပ်သင့်တယ် ထင်ပါသလား။ ဒါမှမဟုတ် မြန်မာသွေးနှောတဲ့ ခြေစွမ်းခြေစကောင်းသူတွေကို နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ဖို့ သင့် မသင့် တွေးဆကြည့်ဖူးပါသလား….။