၁၄. ၁၀. ၂၀၂၃
Written by Nay Moe
KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းက ဒူးသထူ(သထုံ) ခရိုင်၊ တောအူး(တောင်ငူ)ခရိုင်၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူပလာယာခရိုင်အတွင်းမှာ နှစ်ဖက်တပ်ဖွဲ့အကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူလူထု အရေအတွက်မှာ ၇၁၇၆၂၆ ဦး အထိ ရှိလာပြီဖြစ်ပြီး နေရာထိုင်ခင်းအခက်အခဲတွေ စားနပ်ရိက္ခာမလုံလောက်မှုအခက်အခဲတွေအပြင် ဆေးဝါးမလုံလောက်မှုအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ KNU က ဒီနေ့ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး ဗဟိုက နည်းလမ်းရှာစီစဉ်ပေးမှုနဲ့ စစ်ဘေးရှောင် ပြည်သူလူထု အိမ်ထောင်စု ၅၄၄၉၄ စုက လူဦးရေ ၂၆၉၆၃၁ ဦးအတွက် ထိုင်းဘတ် ၉ သန်းခန့်ကျသင့်တဲ့ အခြေခံစားသောက်ကုန်နဲ့ အခြားသောလိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးနိုင်ခဲ့သော်လည်း လိုအပ်တဲ့ အထောက်အပံ့မရရှိသေးတဲ့ ပြည်သူလူထု များစွာကျန်ရှိနေသေးတဲ့ အတွက်ကြောင့် KNU က အခြေခံစားသောက်ကုန်နဲ့ အခြားလိုအပ်တဲ့အကူအညီအထောက်အပံ့ရရှိဖို့ နည်းလမ်းရှာဖွေ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစ လခရတွေက စစ်ရေးလှုပ်ရှားတာကို အရှိန်အဟုန် တိုးမြင့်လုပ်ဆောင်လာတာနဲ့အတူ တိုက်ပွဲများဖြစ်ပွားရာနေရာမှာရှိတဲ့ဒေသခံပြည်သူတွေက နေရပ်အိုးအိမ်၊ လုပ်ငန်းဆောင်တာတွေကို့ စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့များ များစွာလိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒီလိုမျိုး စစ်ရေးလှုပ်ရှားမှုတွေ လခရဘက်က တိုးမြှင့်လာတယ်ဆိုပေမဲ့လည်း စက်တင်ဘာလအတွင်း နှစ်ဖက်တိုက်ပွဲ ၅၁ ကြိမ်ဖြစ်ခဲ့ပြီး လခရ ၇၉ ဦးသေဆုံးခဲ့သလို ၄၄ ဦး ဒဏ်ရာရခဲ့ပေမဲ့ KNU ဘက်ကတော့ ၅ ဦးပဲသေပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါသေးတယ်။