၁၄. ၁၀. ၂၀၂၃
Translated by Htewe Ko Tun
မဒမ်ပန်လို့လည်း လူသိများတဲ့ ထိုင်းလက်ရွေးစင်ဘောလုံးအသင်းရဲ့ မန်နေဂျာ နျုရယ်လ်ဖန် လမ်ဆမ်က ထိုင်း လက်ရွေးစင်အသင်းဟာ ဂျော်ဂျီယာလက်ရွေးစင်အသင်းကို ရှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့မှုအတွက် ထိုင်းဘောလုံးအသင်း ပရိသတ်တွေကို အောက်တိုဘာ ၁၃ ရက်မှာ တောင်းပန်စကားဆိုခဲ့ပါတယ်။ မဒမ်ပန်က နောက်ကို ဒီလိုအရုပ်ဆိုးလှတဲ့ ရှုံးနိမ့်မှုတွေမဖြစ်စေရပါဘူးလို့လည်း ကတိပေးခဲ့ပါတယ်။
ဒီဘောလုံးပွဲကို အောက်တိုဘာ ၁၂ ရက်က ဂျော်ဂျီယာမြို့တော်၊ တီဘလီဆီရှိ မီခေးလ် မက်စ်ခီ အားကစားကွင်းမှာ ကျင်းပခဲ့တာပါ။ ဒီပွဲရလဒ်က ထိုင်းလက်ရွေးစင်သင်းအတွက် ဂိုးအများဆုံး ဂိုးပြတ်ရှုံးနိမ့်တဲ့ပွဲတွေမှာ ၁၉၅၆ ခုနှစ်က အိုလံပစ်ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ကိုးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲပြီးရင် ဒုတိယအမြင့်မားဆုံးပါပဲ။ ဂျော်ဂျီယာလက်ရွေးစင်သင်းအဖို့လည်း ၁၉၉၇ ခုနှစ်က အာမေးနီးယားကို ခုနှစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ပွဲထက် သာလွန်ကာ အကြီးမားဆုံးအောင်မြင်မှု ဖြစ်ခဲ့ရပြန်ပါတယ်။
‘စစ်ဆင်များ’ လို့တင်စားခေါ်ဝေါ်လေ့ရှိကြတဲ့ ထိုင်းအသင်းကို ပွဲအပြီးမှာ ထိုင်းပရိသတ်တွေက လူမှုကွန်ရက်ပေါ် မှာ ဒီရှုံးနိမ့်မှုက တိုးတက်မှုကို ဆုတ်ဆိုင်းစေတာပဲလို့ စိတ်ဆိုးဒေါသထွက်စွာနဲ့ ရေးသားခဲ့ကြပါတယ်။ သူတို့က စီမံအုပ်ချုပ်မှုကိစ္စရပ်တွေက အသင်းကိုအဆင့်အမြင့်ဆုံးကစားသမားတွေ ခင်းကျင်းကစားနိုင်ဖို့ တားဆီးနေတယ်လို့လည်း ဝေဖန်ခဲ့ကြပါတယ်။
နျုရယ်လ်ဖန်က ဝေဖန်မှုတွေကို လက်ခံကြောင်းပြောခဲ့ပြီး တချို့ဘောလုံးကလပ်အသင်းတွေက သူတို့ရဲ့ အကောင်းဆုံးကစားသမားတွေကို လက်ရွေးစင်အသင်းကို ပို့ပေးဖို့ ငြင်းဆန်မှုတွေကိုလည်း ပြောခဲ့ပါတယ်။ ဒီနောက်မှာတော့ သူမက ထိုင်းအသင်းကိုအုပ်ချုပ်လာတဲ့ ၁၆ နှစ်မှာ သူမအတွက် အကြေကွဲရဆုံးနေ့လည်းဖြစ်ကာ နိုင်ငံအနှံ့က ဘောလုံးပရိသတ်တွေလိုပဲ ထိုင်းသင်းရှုံးနိမ့်မှုအတွက် ကြီးမားလှစွာခံစားရပြီး ဘောလုံးပရိသတ်အားလုံးကို တောင်းပန်ပါကြောင်း လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။
ဒါ့ပြင် နျူရယ်လ်ဖန် က ဝေဖန်မှုတွေကို သင်ခန်းစာယူကာ နောက်တစ်ကြိမ် ဒီလိုရှုံးနိမ့်မှုမျိုးမဖြစ်အောင် အာမခံသွားပါ့မယ်လို့လည်း ဆိုခဲ့ပါတယ်။
Ref-Nation Thailand