၁၄. ၁၀. ၂၀၂၃
Written by Nay Moe
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက မြတ်မန္တလာထွန်းအဝေးပြေးခရီးသည်တင်ယာဥ်ကို မြိတ် PDF တွေက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ မြတ်မန္တလာထွန်း အဝေးပြေးခရီးသည်တင်ယာဥ်မှာ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နဲ့ ခရီးသည် ၄ ဦးလိုက်ပါလာပြီး မြိတ်မြို့ကနေ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာချိန် တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာနဲ့ တမုတ်ချုံးကျေးရွာကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခံရတာပါ။ မိုင်းဆွဲတိုက်ခိုက်တာကြောင့် ယာဥ်ပေါ်ပါ ခရီးသွားပြည်သူတွေ ထိခိုက်ဒဏ်ရာမရပေမဲ့လည်း ကားရဲ့ ရှေ့လေကာမှန်နဲ့ ဘယ်ဘက်ဘေးမှန် ၄ ချပ် ကွဲကြေပျက်စီးခဲ့သလို ကားရဲ့ဘယ်ဘက်ဘေးခြမ်းလည်း မိုင်းစဖောက်ဝင်မှုဖြစ်ပေါ်ခဲ့ပါတယ်။
“အဲဒီလမ်းပိုင်းတွေကို PDF တွေက နေ့ဘက်ပဲသွားခွင့်ပေးတာ။ ညနေ ၆ နာရီနဲ့ မနက် ၆ နာရီကြားဆို ဘယ်သူမှမသွားရဲဘူး။ သူတို့ကလည်း မထင်ရင် မထင်သလို မိုင်းတွေထောင်၊ ပစ်တာလုပ်တော့ သူတို့သွားခွင့်ပေးထားတဲ့အချိန်တောင် နေ့ဘက်ကို တစ်စီးတည်းမသွားရဲကြဘူး” လို့ ဒေသခံတစ်ဦးက နယ်မြေအခြေအနေကို ပြောပါတယ်။
PDF တွေ ကြီးစိုးကန့်သတ်ထားတဲ့ ဒီလမ်းကြောပေါ်မှာ မြတ်မန္တလာထွန်းခရီးသည်တင်ယာဥ် ပစ်ခတ်တိုက်ခိုက်ခံရမှုက ဒီနှစ်ထဲမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း အဲဒီနေရာမှာပဲ NUG ဩဇာခံ မြိတ် PDF ပစ်ခတ်လို့ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံးပြီး ငါးဦးခန့် ဒဏ်ရာရခဲ့ပါသေးတယ်။
NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်-တပ်ရင်း -၂ (People’s Defense Force – Myeik District) က ဧပြီ ၁ ရက် ည ၈ နာရီခန့်မှာ တနင်္သာရီမြို့နယ် ဆင်ခြေဖုံးအုပ်စု လယ်တောင်ယာကျေးရွာနဲ့ တမုတ်ချုံးအုပ်စု၊ တမုတ်ချုံးကျေးရွာအကြား မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးပေါ် ဒေသအခေါ် ချောင်းဇောက်မှာ ရန်ကုန်မြို့ကနေ ကော့သောင်းမြို့ဆီထွက်ခွာလာတဲ့ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဥ်ကို လမ်းမကြီးအနောက်ဖက်ရာဘာတောအတွင်းကနေ မြိတ် PDF တွေက လက်နက်ငယ်နဲ့ ဝိုင်းဝန်းပစ်ခတ်လို့ ယာဥ်ပေါ်ပါ ခရီးသည် မယဥ်သဇင်အောင် အသက် (၇) နှစ်၊ ပုလုံးတုံးတုံးကျေးရွာ ကော့သောင်းမြို့နယ်နေသူနဲ့ ဒေါ်ခင်မာကြည် အသက် (၄၅) နှစ် ရှော်တောမော်ကျေးရွာ ကျွန်းစုမြို့နယ်နေသူ (၂) ဦး လက်နက်ငယ်ထိမှန်သေဆုံးပြီး သံဃာတော် (၂) ပါးနဲ့အမျိုးသား (၂) ဦးပေါင်း (၄) ဦးလက်နက်ငယ်ထိမှန်ဒဏ်ရာ ရရှိခဲ့တာပါ။
အဲဒီဖြစ်စဥ်တုန်းက မြိတ်ခရိုင် PDF က သေဆုံးသူတွေကို တောင်းပန်ခဲ့ပေမဲ့ လက်ရှိတိုက်ခိုက်မှုကိုတော့ လူထိခိုက်မှုမရှိလို့ မြိတ် PDF က ပစ်ခတ်တယ်လို့ မကြေညာထားပါဘူး။
ဒါပေမဲ့လည်း ဒီမနက် အောက်တိုဘာ ၁၄ ရက်မှာတော့ တမုတ်ချုံးရွာနားမှာပဲ လခရစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ပြီး လခရသုံးဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ။ မြတ်မန္တလာထွန်းယာဥ် ယမန့်နေ့က ပစ်ခတ်မှုဖြစ်စဥ်နှင့် မြိတ် PDF ပစ်ခတ်မှုကြောင့် ပြီးခဲ့သော ဧပြီ ၁ ရက်က ပစ်ခတ်မှုတွင် ထိခိုက်သေဆုံးမှုမြင်ကွင်းများ။