၁၄. ၁၀. ၂၀၂၃
Written by Pan Ei
ကမ္ဘာ့အကြီးကျယ်ဆုံး Miss ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Miss Universe ပြိုင်ပွဲကြီးရဲ့ ၇၂ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကို အယ်လ်ဆာဗေးဒေါနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ၁၈ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး အဲ့ဒီပြိုင်ပွဲမှာ ပထမဆုံးအနေနဲ့ လိင်ပြောင်းအမျိုးသမီး အလှမယ် နှစ်ဦး ပါဝင်ယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။
ပေါ်တူဂီနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် အသက် ၂၃ နှစ်အရွယ် လေယာဉ်မယ် Marina Machete က ပြီးခဲ့တဲ့ သီတင်းပတ်က ရွေးချယ်ခံရပြီးနောက် ဇူလိုင်လက နယ်သာလန်နိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် ရွေးချယ်ခံထားရတဲ့ Rikkie Kollé နဲ့အတူ ပထမဦးဆုံးအကြိမ်အဖြစ် Miss Universe ပြိုင်ပွဲကြီးမှာ လိင်ပြောင်းအမျိုးသမီး နှစ်ဦးထက်မနည်း ပါဝင်ယှဉ်ပြိုင်သွားတော့မှာပဲ ဖြစ်ပါတယ်။
Miss Universe Organization ဟာ စည်းမျဥ်းတွေကို ပြောင်းလဲပြီး ၂၀၁၃ ခုနှစ်ကစတင်ကာ လိင်ပြောင်းအမျိုးသမီးတွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးခဲ့တာဖြစ်ပြီး ခုလိုစည်းမျဉ်းတွေပြောင်းလဲခဲ့တဲ့ Miss Universe Organization ကို မြင်တွေ့ရခြင်းက ကြည်နူးစရာဖြစ်တယ်လို့ ပေါ်တူဂီအလှမယ် Marina Machete က ပြောခဲ့ပါတယ်။
တကယ်လို့ ပါဝင်ယှဉ်ပြိုင်တဲ့ လိင်ပြောင်းအလှမယ်တွေထဲက တစ်ယောက်ယောက်က အနိုင်ရခဲ့မယ်ဆိုရင် Miss Universe သရဖူက်ိုဆောင်းနိုင်မယ့် ပထမဆုံးသော လိင်ပြောင်းအမျိုးသမီး ဖြစ်လာမှာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က စပိန်နိုင်ငံကိုယ်စားပြုအလှမယ် Ángela Ponce က Miss Universe သမိုင်းတစ်လျှောက်မှာ ပထမဆုံး လိင်ပြောင်းအလှမယ် ပြိုင်ပွဲဝင်တစ်ဦးဝင်တစ်ဦးအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမဲ့ ဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့ခြင်းတော့မရှိပါဘူး။
Miss Universe ပြိုင်ပွဲကြီးဟာ ၁၉၅၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာ ကမ္ဘာတဝှမ်းက အမျိုးသမီးအလှမယ်ပေါင်း ၉၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးဆန်ခါတင်အလှမယ်အားလုံးနီးပါးကို ရွေးချယ်ခဲ့ပြီးဖြစ်ပေမဲ့ တရုတ်နိုင်ငံအပါအဝင် လက်တစ်ဆုပ်စာ နိုင်ငံတချို့က သူတို့နိုင်ငံတွေရဲ့ ကိုယ်စားပြု အလှမယ်တွေကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
အခုနှစ်အတွက် Miss Universe ပြိုင်ပွဲကြီးမှာတော့ နိုင်ငံအသီးသီးက ကိုယ်စားပြုအလှမယ်တွေနဲ့အတူ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် အမရာဗိုက သွားရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Ref; CNN