၁၄. ၁၀. ၂၀၂၃
Written by Nyein Kyaw
ပဲခူးလမ်းပိုင်းအတွင်း ရေတိုက်စားထားသော ရထားလမ်းပိုင်းများပြန်လည်ပြင်ဆင်ပြီးဖြစ်သဖြင့် မနက်ဖြန်မှစတင်ကာ မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်များ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ယနေ့တွင် မော်လမြိုင်ဘူတာကြီးမှ ကြေညာထားသည်။
အောက်တိုဘာ ၁၅ ရက် (မနက်ဖြန်)အတွက် ရိုးရိုးတန်း၊ အထက်တန်းများအတွက် တစ်ရက်ကြိုလက်မှတ်များကို မော်လမြိုင်ဘူတာကြီး ရက်ကြို လက်မှတ်ရုံတွင် အောက်တိုဘာ ၁၄ ရက် (ယနေ့) နံနက် ၉ နာရီမှ စတင်ရောင်းချပေးနေပြီဖြစ်သည်။ အထက်တန်းအတွက် သုံးရက်ကြို ၊ နှစ်ရက်ကြိုတင် လက်မှတ်များကိုလည်း ရက်ကြိုလက်မှတ်ရုံတွင် ရောင်းချပေးလျက်ရှိကြောင်း ကြေညာထားသည်။
အမှတ်(၈၂) အစုန် မော်လမြိုင်-ရန်ကုန်ရထားသည် မော်လမြိုင်ဘူတာမှ အောက်တိုဘာ ၁၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ ညနေ ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။
အောက်တိုဘာ ၅ ရက်မှ ၈ ရက်အထိ ပဲခူးတိုင်းဒေသကြီးအတွင်း ၅၉ နှစ်တွင်း အမြင့်ဆုံး မိုးရေချိန်ဖြင့် ပဲခူးမြစ် ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေး ရထားလိုင်းပိုင်းနှင့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတို့တွင် ရထားလမ်းများ ရေကျော်နေသဖြင့် လူစီးရထားခရီးစဉ်များ အောက်တိုဘာ ၈ ရက်မှစ၍ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။