MT News
၁၄. ၁၀. ၂၀၂၃
ညစဥ်ညတိုင်းဆူညံနေပြီး စကစလူကြီးတစ်ဦးပိုင်ဆိုင်သော ဆိုင်ဟုဆိုကာ မိုက်တီးဘီယာဆိုင်ကို မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၂) က အောက်တိုဘာ ၁၃ ရက်ညမှာ ဗုံးခွဲတိုက်ခိုက်ခဲ့သလို မိုက်တီးဘီယာဆိုင်ကမူ လူငယ်လေးဦးစုဖွဲ့သောဆိုင်ဖြစ်ပြီး မည်သူ့မြှုပ်နှံမှုမျှမပါဟု တုံ့ပြန်ခဲ့သည်။
“ပြည်သူများ၏တိုင်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမပါ်ရှိ(မိုက်တီး)ဘီယာဆိုင်အားဖောက်ခွဲတိုက်ခိုက်ခဲ့။ အထိအခိုက်အပျက်အစီးမသိရှိရသေးပါ။ ညစဥ်ညတိုင်းသီချင်းသံများဖြင့် ဆူညံနေသော စကစလူကြီးပိုင်းတစ်ဦးပိုင်ဆိုင်သောဆိုင်ဟုသိရှိရသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ ရဲဘော်များဘေးကင်းစွာပြန်လည်ရောက်ရှိ” ဟု ထုတ်ပြန်ခဲ့သည်။
မြောက်ဥက္ကလာ PDF အဖွဲ့က မိုက်တီးဘီယာဆိုင် ကားပါကင်တွင် အောက်တိုဘာ ၁၃ ရက် ည ခုနစ်နာရီခန့်က ဗုံးထောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်းတစ်ဦး ဗုံးစထိမှန်ကာ ကားနှစ်စီးပျက်စီးသည်ဟု ယင်းတို့နှင့်နီးစပ်သည့်မီဒီယာအချို့ကို ပြောဆိုထားပြီး မိုက်တီးဘီယာဆိုင်ကမူ ထိုစွပ်စွဲချက်များ မမှန်ဟု တုံ့ပြန်သည်။
“ကျွန်တော်တို့ ၂၀၂၃ အစောပိုင်းလောက်ကစပြီး မိုက်တီးဘီယာဆိုင်ကို ကျွန်တော်အပါအဝင် လူငယ်(၄)ယောက်နဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ ကျွန်တော်နဲ့ငယ်ငယ်တည်းက ပေါင်းခဲ့တဲ့သူငယ်ချင်းအပါအဝင် တက္ကသိုလ်မှာ အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေစုပေါင်းပြီး ကျွန်တော်တို့ ရှိတာလေးနဲ့ စတင်ခဲ့တာပါ။ မိုက်တီးဘီယာဆိုင်ကို ကျွန်တော်တို့(၄)ယောက်ပဲ ပိုင်ဆိုင်ပြီး အခြား မည်သည့် တိုက်ရိုက် သွယ်ဝိုက်ပါဝင် ရင်းနှီးမြှုပ်နှံထားခြင်းလုံးဝ (လုံးဝ) မရှိပါ။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းများရဲ့ မိဘများဟာလည်း မိရိုးဖလာ ပုဂ္ဂလိကလုပ်ငန်းများကိုပဲ အစဉ်အဆက် လုပ်ကိုင်စားသောက်နေကျသူများပါ။ လုပ်ငန်းစတင်တည်းက အစဉ်အားပေးခဲ့တဲ့ မိဘပြည်သူများရဲ့ အားပေးမှု၊ ချစ်ခင်မှုတွေနဲ့သာ မိုက်တီးဆိုပြီးရပ်တည်နေနိုင်တာပါ။ မိုက်တီးဘီယာဆိုင် စတင်ကတည်းက အချက်အလက်များကိုလည်း အချိန်မရွေးလေ့လာကြည့်ရှုနိုင်ပါတယ်။ အထင်လွဲစရာ ရေးသားဖော်ပြချက်များကိုတွေ့ရတဲ့အတွက် အသိပေးခြင်းဖြစ်ပါတယ်။ မိုက်တီးဘီယာဆိုင်ရယ်လို့ စတင်ပေါ်ပေါက်လာကတည်းက မြောက်ဥက္ကလာအပြင် အခြားမြို့နယ်များမှ စားသုံးသူ မိဘပြည်သူများရဲ့ အားပေးမှုများဖြင့်သာ ဆက်လက်ရပ်တည်နေတာပါ။ စားသုံးသူများရဲ့ လိုအပ်ချက်များကို နေ့စဉ်နဲ့အမျှ ပိုမိုဖြည့်ဆည်းနိုင်ဖို့ ကျွန်တော်တို့ အစဉ်ကြိုးစားလျက်ပါခင်ဗျာ။ မိဘပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံတွေ့ခဲ့ရသည်များရှိရင်လည်း ကျွန်တော်တို့ဘက်ကပဲ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ နောက်နောင်လည်း ဒီ့ထက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများကိုပေးနိုင်ဖို့ ကျွန်တော်တို့ မိုက်တီးအဖွဲ့သားများမှ ကြိုးစားသွားပါမယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ” ဟု မိုက်တီးဘီယာဆိုင်က ရှင်းလင်းထားသည်။
မိုက်တီးဘီယာဆိုင်မှာ ရောင်းကောင်းသောကြောင့် မနာလို၍ သတင်းမှားပေးခြင်းဖြစ်ပြီး PDF များကလည်း အတိအကျမသိဘဲ သတင်းပေးသည်နှင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်သူအချို့ တုံ့ပြန်မှုကို မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၂) မှ PDF တစ်ဦးက ငြင်းဆိုသည်လည်း တွေ့ရသည်။