၁၂. ၁၀. ၂၀၂၃
Translated by Thettant
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဟွန်ဆန်နဲ့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟေးဆာဆာကာဝါတို့ဟာ အောက်တိုဘာ ၁၁ ရက်နေ့က CPP ရုံးချုပ်မှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပြီး မကြာခင်ကာလမှာ မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) အစိုးရနဲ့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့ နှစ်ဖက်သဘောတူညီချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က အောင်မြင်မှုတချို့ရခဲ့တာကြောင့် ဟွန်ဆန်ဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကြားဝင်ဆွေးနွေးပေးဖို့ ဆန္ဒရှိတာကြောင့် လက်ရှိအာဏာရ SAC အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ကို ဂျပန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆန္ဒရှိနေပါတယ်။
၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဉ်အပြီးမှာ မြန်မာနိုင်ငံကို လာရောက်ပြီး SAC ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တဲ့ တစ်ဦးတည်းသော အာဆီယံခေါင်းဆောင်လည်းဖြစ်ခဲ့တဲ့ ဟွန်ဆန်နဲ့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါတို့ တွေ့ဆုံမှုအတွင်းမှာ ဟွန်ဆန်နဲ့ ဆာဆာကာဝါတို့က မြန်မာနိုင်ငံကို အတူတကွသွားရောက်ဖို့ သဘောတူခဲ့ကြတယ်လို့ CPP က ထုတ်ပြန်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ ဟွန်ဆန်ရဲ့ မြန်မာ့အရေးကြိုးပမ်းမှုတွေကို ဆွေးနွေးခဲ့ကြသလို နှစ်ဖက်စလုံးကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတိုးတက်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမဲ့လည်း မြန်မာနိုင်ငံကို အတူတကွလာရောက်ဖို့အတွက်တော့ နှစ်ဖက်စလုံးက အတည်ပြုမဲ့ရက်ကိုတော့ အဆိုမပြုနိုင်ကြသေးပါဘူး။
ဟွန်ဆန်ဟာ ဝန်ကြီးချုပ်မဟုတ်တော့ပေမဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက်တော့ အဓိကကျတဲ့သူဖြစ်နေဆဲပါလို့ Asian Vision Institute (AVI) က သုတေသနကြီးကြပ်ရေးမှူး Thong Mengdavid က ပြောပါတယ်။
ဒီလိုပဲ နီပွန်ဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေးအရပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် ဆယ်စုနှစ်တစ်ခုကျော် အလုပ်လုပ်ခဲ့တာကြောင့် SAC နဲ့ ထိတွေ့ဆွေးနွေးရာမှာ ဟွန်ဆန့် အတွေ့အကြုံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် သူတို့တွဲဖက်မှုဟာ ကောင်းမွန်စွာဆွေးနွေးနိုင်မှာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒါ့အပြင် အာဆီယံနဲ့ ဂျပန်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုင်ရာရင်ကြားစေ့ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်လာနိုင်ပြီး ငြိမ်းချမ်းရေးဆိုင်ရာတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာပြီး လာမဲ့နှစ်မှာ ရွေးကောက်ပွဲပေါ်ပေါက်လာမယ်လို့လည်း Thong Mengdavid က ပြောခဲ့ပါသေးတယ်။
Ref; Khmer Times