၁၂.၁၀.၂၀၂၃
Written by Peya
လာမည့် အောက်တိုဘာ ၁၉ ရက်က စတင်ကာ ခရီးသည် အတက်/ အဆင်းတံခါး ညာဘက်တံခါးပေါက် မဟုတ်သော ပဲခူးတိုင်းအခြေပြု အဝေးပြေးယာဉ်များကို ရန်ကုန်တိုင်းအတွင်း ဝင်ခွင့်မပြုဘဲ ပြန်လှည့်ခိုင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) တွဲဖက်အတွင်း ရေးမှူး ဦးလျန်ကျင့်မန်က အောက်တိုဘာ ၁၂ ရက်တွင် ပြောသည်။
Mini Bus ရန်ကုန်-ပဲခူး ခရီးသည်တင်ယာဉ်များ ပြေးဆွဲရန်အတွက်လည်း လမ်းကြောင်း ၂ ခု သတ်မှတ်ထားကာ အဆိုပါ လမ်းကြောင်းနှစ်ခုအနက် တစ်ခုမှာ ပဲခူး – ရန်ကုန်၊ ပြည်လမ်း၊ ခရေပင်လမ်း၊ ရွှေပြည်သာ တံတားလမ်း စသည်ဖြင့် ယင်းမှ ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းအထိဖြစ်ပြီး ကျန်တစ်ခုမှာ ပဲခူး – ရန်ကုန်လမ်း အတိုင်း ထောက်ကြန့်၊ ယင်းမှ ပြည်လမ်း၊ ခရေပင် လမ်းဆုံ စသည်ဖြင့် ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နား စခန်းအထိဖြစ်ပြီး ခရေပင်လမ်းဆုံနှင့် ဒညင်းကုန်းကြားတွင် ခရီးသည်များ တက်၊ ဆင်း နိုင်ရန် နေရာ သတ်မှတ်မည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“သုံးလေးလ လောက်တည်းက ရန်ကုန်တိုင်းဒေသကြီး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အစည်းအဝေးတွေမှာ ဒုတိယဥက္ကဋ္ဌ ကိုယ်တိုင် တင်ပြပြီး လက်ယာကပ်မောင်းစနစ်နဲ့ မကပ်တဲ့ယာဥ်သည် လမ်းပေါ်မှာ အတက်အဆင်းလုပ်တော့ ယာဉ်တိုက်ခိုက်မှု အန္တရာယ်ကို ဖိတ်ခေါ်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဥပဒေလည်း ကညနက ပြဌာန်းထားပါတယ်။ အတက်၊ အဆင်းအပေါက်က လက်ယာဘက်မှာ ရှိရမှာဖြစ်ပါတယ်။ အဲ့ဒါမှ အန္တရာယ်ကင်းကင်း အတက်အဆင်းလုပ်နိုင်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးလလောက်တည်းက ကညနကို အကြောင်းကြားပြီး ဖြစ်တယ်။ ပဲခူးတိုင်းလမ်းပန်းဆက်သွယ်ရေးကိုလည်း အကြောင်းကြားပြီး ဖြစ်တယ်”ဟု ဦးလျန်ကျင့်မန်က MT News သတင်းဌာနကို ပြောသည်။
ပဲခူးတိုင်းဒေသကြီး၏ ယာဉ်အသင်းက ပဲခူးတွင် ခရီးသည်တင်ယာဉ်များ လူအတက်၊ အဆင်းလုပ်သည့် တံခါးပေါက်ကို ဘယ်ဘက်ခြမ်းတွင် ပြုလုပ်ရန်အတွက် ဝပ်ရှော့က သုံးလေးခုသာ ရှိသည့်အပြင် ပြုလုပ်ရာတွင်လည်း ရက်ကြာသောကြောင့် ကင်းလွတ်ခွင့်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ တင်ပြခဲ့သော်လည်း ခွင့်ပြုမရကြောင်းနှင့် ရန်ကုန်တွင်ရှိသည့် ဝပ်ရှော့များတွင် လာရောက် ဆောင်ရွက်နိုင်သည်ဟု တိုင်းအစိုးရ တာဝန်ရှိဌာနကို ပြန်ကြားခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
“၁၉ ရက်မှာ စပါမယ်။ အမှတ် ၃ လမ်းဘက်က စပြီး ညာဘက် တံခါးပေါက် ဖောက်ပြီးသားဆိုရင် ဘာမှမလုပ်ပါဘူး။ ဘယ်တံခါးပေါက်နဲ့ လာရင် ဝင်ခွင့်မပြုဘဲ ပဲခူးကို ပြန်လှည့်ခိုင်းမှာပါ။ ၁၉ ရက်ကနေ စပြီးတော့ လိုက်နာတဲ့အထိပါ”ဟု ဦးလျန်ကျင့်မန်က ရှင်းပြသည်။