၁၂. ၁၀. ၂၀၂၃
Written by Nay Moe
မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာဘီယာစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ယနေ့ညပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်သည့် Urban Special Operation (USO) PDF အဖွဲ့က ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုဖြစ်စဥ်မှာ ယနေ့ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ ၀၃ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ အမှတ် (၃) လမ်းမပေါ်ရှိ မြန်မာဘီယာထုတ်ကုန်စက်ရုံအား စစ်ဆင်ရေးအနေဖြင့် ၁၀၇ မမ ရှော့ခ်တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်ရခြင်းအကြောင်းမှာ တပ်၏ စီးပွားရေးထောက်တိုင်တစ်ခုဖြစ်ပြီး၊ ခြိမ်းခြောက်ရောင်းချခိုင်းနေခြင်းကို သတင်းမီဒီယာများတွင် တွေ့ ရှိလာရခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အဆိုပါမစ်ရှင်အား အတွင်းဖရဲသီး သတင်းပေး ပူးပေါင်းလမ်းပြကူညီမှုဖြင့် အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း USO က ဖော်ပြထားသည်။
USO သည် ယခုလများအတွင်း ရန်ကုန်မြို့၌ တိုက်ခိုက်မှုပြုလုပ်လာသောအဖွဲ့ဖြစ်ပြီး ပထမအကြိမ်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းရှိ ဦးအောင်မိုးမြင့်ပိုင်ဆိုင်သောရုံး၊ ဒုတိယအကြိမ်တွင် ကိုလင်းမင်းမောင်လွင်၏ နေအိမ်၊ တတိယအကြိမ်တွင် ထားဝယ်ချောင်ရဲစခန်းများအား တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။