October 30, 2024

MT News

Writer & Photo Tha Doe

နာမည်ကျော်ဟာသစာရေးဆရာအကြည်တော်၏ နောက်ဆုံးခရီး ဂူသွင်းသင်္ဂြိုလ်မှုကို ရေဝေးရှိ အဆောင် (၁/က) ၌ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၃ နာရီမှ ၄ နာရီတွင် ပြုလုပ်ခဲ့သည်။

အစာရေမြိုပြွန်ကင်ဆာဖြင့် နိုဝင်ဘာ ၉ ရက် ည ၈ နာရီခွဲတွင် လူ့လောကကို နှုတ်ဆက်ခဲ့ရသူ အကြည်တော်သည် ကွယ်လွန်ချိန်တွင် အသက် ၅၁ နှစ်သာ ရှိသေးပြီး အောင်မြင်သော ဟာသစာအုပ်ရာဂဏန်းခန့်ကို ရေးသားခဲ့သူလည်း ဖြစ်သည်။

“သူ့ကို မေ့မေ့ပျောက်ပျောက်မဖြစ်စေချင်ဘူး။ နေရာလေးတစ်ခုမှာ အမြဲတမ်းရှိနေစေချင်တာ” ဟု အကိုဖြစ်သူ ကိုဆန်းက အကြည်တော့်ကို ဂူသွင်းသင်္ဂြိုလ်ရန် စီစဥ်ခဲ့မှုအပေါ် ပြောသည်။

အကြည်တော်၏ နောက်ဆုံးခရီးသို့ မိသားစုဝင်များအပြင် စာပေပရိသတ်များနှင့် စာပေအနုပညာအသိုင်းအဝိုင်းမှ မိတ်ဆွေများလိုက်ပါပို့​ဆောင်ခဲ့ကြသည်။

အကြည်တော်သည် မြန်မာနိုင်ငံသား ဟာသစာရေးဆရာ ဖြစ်ပြီး နာမည်ရင်းမှာ စောကြည်ဖြူဖြစ်သည်။ အဖ ဦးထွန်းနိုင်၊ ဒေါ်ညွန့်နွယ်တို့ မွေးဖွားသော မွေးချင်း (၇) ယောက်အနက် ဆဌမမြောက်သား ဖြစ်သည်။

၁၉၉၈ ခုနှစ်မှစ၍ ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ကာ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့် လုံချင်းဝတ္ထုများ စတင်ရေးသားခဲ့သည်။

အကြည်တော်အမည်ဖြင့် ရေးသားခဲ့သည့် ဝတ္ထု ၁၀၀ ခန့်ရှိပြီး ဘီလူး၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ဇော်က ကနေသည်၊ ချစ်လို့စတာ နာတယ်၊ နေတစ်ခြမ်း လတစ်ခြမ်း၊ ပြုံးရွှင်သည် ငိုတတ်သည်၊ နတ်နေကိုင်း၊ ခြူဆီ စသည့်ဝတ္ထုများစွာမှာ အောင်မြင်ခဲ့သည်။

မကွယ်လွန်မီအချိန်တွင် ကဗျာနှင့် ဂီတကို Orchestra ဖြင့် ပေါင်းစပ်ကာ Poem’ Music တေးသီချင်းကိုလည်း အခွေထုတ်ခဲ့ပြီး မကွယ်လွန်မီရေးသားခဲ့သည့်စာအုပ်များကိုလည်း ဆက်လက်ထုတ်ဝေသွားမည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *