၁၂. ၁၀. ၂၀၂၃
Written By Thandar
ပရဟိတတွေ စဥ်ဆက်မပြတ်လုပ်ဆောင်လာတဲ့ အကယ်ဒမီ ခန့်စည်သူနဲ့ ဓမ္မမိတ်ဆွေတွေက လှည်းကူးမြို့ ကျွန်းကလေးကျေးရွာ လယ်ပေါ်ကျောင်းတိုက်မှာ ခိုလှုံနေကြတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့တယ်လို့ MTNews Entertainment ကို ပြောပါတယ်။
“မထင်မှတ်ဘဲ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် သဘာဝဘေးအန္တာရာယ် ကြုံတွေ့ရတာမို့ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကျွန်တော်နဲ့ ပြည်တွင်းပြည်ပက ဓမ္မမိတ်ဆွေတွေ ပူးပေါင်းပြီးတော့ တကယ်လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ လိုအပ်တာကို သွားလှူဖြစ်တာပါ။ ကျွန်တော်တို့ သွားခဲ့တဲ့အဖွဲ့တွေက ခုလိုကြုံတွေ့ခဲ့ရတာတွေကို အားပေးစကားပြောဖြစ်ပါတယ်။ အခုခံစားကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်တွေက အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေ”လို့ အကယ်ဒမီ ခန့်စည်သူက ပြောပါတယ်။
အကယ်ဒမီ ခန့်စည်သူ ဦးဆောင်ပြီး အနုပညာမောင်နှမ ဓမ္မမိတ်ဆွေတွေ အတူစုပေါင်းပြီး ဆန် ၂၄ ပြည်ဝင် အိတ် ၂၀၊ ရေသန့်ဗူး၊ ဓာတ်ဆား၊ ခေါက်ဆွဲခြောက်၊ ဖယောင်းတိုင်၊ မီးခြစ်၊ ယားနာပျောက်ဆေး၊ ဝမ်းပျက်ဝမ်းလျော ကာကွယ်ဆေး၊ ဆပ်ပြာမှုန့်၊ မုန့်ထုပ်၊ ငါးခြောက်၊ ငံပြာရည်၊ Royal D၊ ပိုးသတ်ဆေးနဲ့ အခြေခံစားသုံးကုန်တွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။
ခန့်စည်သူဟာ ၂၀၁၉ ခုနှစ်ထဲက အနုပညာအလုပ်တွေရပ်နားထားပေမယ့် အလှူအတန်းတွေကိုတော့ စဥ်ဆက်မပြတ်လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိ လယ်ပေါ်ကျောင်းတိုက်မှာ ခိုလှုံနေကြတဲ့ ရေဘေးသင့် ပြည်သူတွေ ၆၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။ အမှန်တကယ်လိုအပ်နေတဲ့တွေကို လှူဒါန်းလိုတဲ့ စေတနာရှင်တွေကလည်း ဒေါက်တာအေးငြိမ်းဦး 09 76011 3685 ကိုညတိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်လို့ သူကဆက်ပြောပါတယ်။