၁၂.၁၀.၂၀၂၃
Written by Peya
ကမ္ဘာကျော် သိုင်းပေါင်းစုံပြိုင်ပွဲတစ်ခုဖြစ်သည့် UFC ၏ ကစားသမားများ အနေဖြင့် နိုင်ငံကိုယ်စားပြု အလံကိုင်ဆောင်ခြင်းကို ပိတ်ပင်ထားခဲ့ပြီးနောက် ယခုအခါ ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံအလံကို ခြုံကာ ကိုယ်စားပြုလိုသည့် မြန်မာပြည်ဖွား UFC ဖိုက်တာ Joshua Van အနေဖြင့် ဆန္ဒပြည့်ဝသွားပြီဖြစ်ကြောင်း သိရသည်။
UFC ၏ CEO နှင့် ဥက္ကဋ္ဌဖြစ်သူ Dana White က အထက်ပါ ဆုံးဖြတ်ချက်ကို သတင်းထောက်များအား အတည်ပြု ပြောကြားထားခြင်း ဖြစ်ကာ “အလံတွေ ပြန်လာပါပြီ” ဟု ၎င်းက ဆိုခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ UFC ဖိုက်တာ Joshua Van က အဆိုပါသတင်းကို ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင် မြန်မာအလံ အီမိုဂျီနှင့်အတူ “now u know” ဟူသော စာတို ရေးသားကာ ပြန်လည်မျှဝေထားသည်ကို တွေ့မြင်ရသည်။
ယခင် တိုက်ခိုက်ရေး ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိထားသူ Joshua Van သည် UFC တွင် ပွဲဦးထွက် ယှဉ်ပြိုင်ထိုးသတ်ကာ အနိုင်ရရှိထားသူဖြစ်ပြီး စာချုပ်ချုပ်ပြီးနောက် UFC ၏ ကစားသမားတစ်ဦးအဖြစ် ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်သွားသည် ဖြစ်သည်။
MMA ကစားနည်း ပြိုင်ပွဲများထဲတွင် UFC သည် သက်တမ်းရင့် ပြိုင်ပွဲတစ်ခု ဖြစ်သကဲ့သို့ ကမ္ဘာ့အဆင့် နာမည်ကျော် ကစားသမားများ ထိုးသ-တ် ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲလည်း ဖြစ်ကာ ယခုကဲ့သို့ နာမည်ကျော်ပြိုင်ပွဲကြီးတွင် မြန်မာအလံကို ပထမဆုံး မြင်တွေ့ခွင့်ရမည့် အနေအထား ဖြစ်ကြောင်းလည်း သိရသည်။