၁၂. ၁၀. ၂၀၂၃
Written By Thandar
သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းရဲ့ မမဆောင်းနဲ့ အဖွဲ့သားတို့က ပဲခူးမြို့ ရေကြီးရေလျှံမှုကြောင့် ဖွင့်လှစ်ထားတဲ့ ကျွန်းသာယာရပ်ကွက် ရွှေနံ့သာ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူတွေနဲ့ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံ (ခုတင် ၅၀၀)မှာ ကုသမှုခံယူနေတဲ့ လူနာတွေကို အလှူငွေတွေကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
“ပိုက်ဆံက ပိုလိုအပ်မယ်ထင်လို့ အလှူငွေ သွားလှူဖြစ်တာပါ။ အစားအသောက်က အလှူရှင်တွေ တော်တော်များများကလည်း လှူနေကျတော့ လုံလုံလောက်လောက် ရှိနေလောက်ပြီ ထင်တယ်။ ပိုက်ဆံလှူလိုက်တော့ သူတို့လည်း လိုအပ်တာလေးတွေကို သုံးလို့ရတာပေါ့။ အနည်းဆုံး ပိုက်ဆံ တစ်သောင်းလောက် ရသွားပြီဆိုရင် သူတို့ နောက်နေ့အတွက် စားလို့ရတယ်။ မမဆောင်းတို့ သွားလှူတုန်းက လူတွေအရမ်းများတယ်။ ဆက်တောင် မလှူနိုင်တော့တဲ့အထိဘဲ။ ရွှေနံ့သာ ရေဘေးကယ်ဆယ်ရေးစခန်းက သူတွေကိုလည်း မမဆောင်းကိုယ်တိုင် သွားတွေ့ပြီး အားပေးစကားတွေလည်း ပြောခဲ့တယ်။ ကုတင် ၅၀၀ ဆေးရုံမှာလည်း ဘုန်းကြီးတွေကော လူနာတွေရော အကုန်လုံးလိုက်လှူပြီး အားပေးစကားပြောဖြစ်ခဲ့တယ်”လို့ သရုပ်ဆောင် မမဆောင်းက MTNews Entertainment ကို ပြောပါတယ်။
သရုပ်ဆောင် မမဆောင်းနဲ့အတူ ဒီဇိုင်နာ အာကာဟိန်း ၊ သရုပ်ဆောင် မင်းမြတ်စိုးစံတို့က ပဲခူးမြို့ ရွှေနံ့ သာ ရေဘေးကယ်ဆယ်ရေးစခန်း နဲ့ အထွေထွေရောဂါကုဆေးရုံ (ခုတင် ၅၀၀) ကို အလှူငွေ စုစုပေါင်း ကျပ် ၂၇ သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ပဲခူးမြို့ကို စစချင်းရောက်သွားတဲ့အချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းက အမအတွက်တော့ စိတ်ထိခိုက်တာပေါ့။ အိမ်တွေရေမြုပ်သွားတော့ နေစရာမရှိလို့ စိတ်ဆင်းရဲနေကြတဲ့သူတွေလည်းရှိတယ်။ နေစရာမရှိလို့ ချောင်မှာ စုပြီးနေတာတွေ့ရတော့ စိတ်မကောင်းဘူး။ ကိုယ့်မိဘအရွယ်တွေဆိုတော့ ပိုလို့ စိတ်မကောင်းဖြစ်မိတယ်” လို့ သူမက ဆက်ပြောပါတယ်။