၁၂. ၁၀. ၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် City Taxi များ အနေဖြင့် အခြားယာဉ်များနှင့် ကွဲပြားစေရန် ကားဘေးတွင် အဝါရောင်လိုင်းကပ်ခြင်းကို လာမည့်လက စတင်ကာ သုံးလတာဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အောက်တိုဘာ ၁၂ ရက်တွင် ပြောသည်။
ထိုသို့ ဆောင်ရွက်ရာတွင် City Taxi က ယာဉ်လိုင်းများ ၏ ဘေးနှစ်ဖက် ကိုယ်ထည်တွင် အဝါရောင်လိုင်း အနံ ၅ လက်မခန့် ရှိ အလျားလိုက်လိုင်း စတစ်ကာဖြင့် ယာဉ်၏ ရှေ့မီးခွက်အောက်မှ နောက်မီးခွက်အောက်အထိ ကပ်ခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သတ်မှတ်ဒီဇိုင်းအတိုင်း ညှပ်ခ အပါအဝင် စတစ်ကာတန်ဖိုး ငါးထောင်ကျပ်ကို အထက်ပါ သုံးလအတွင်း YRTC က ကျခံပေးမည် ဖြစ်ကာ ဝန်ထမ်းများက လက်ခမယူဘဲ ကပ်ပေးမည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်များကလည်း မိမိအစီစဉ်ဖြင့် စတစ်ကာ အဝါလိုင်း ကပ်ခွင့်၊ ဆေးသုတ်ခွင့် ပြုကြောင်းလည်း သိရသည်။
ထိုသတ်မှတ်ချက်ကို မလိုက်နာသောယာဥ်များအား မည်သို့အရေးယူမည်နည်းဟု MT News က မေးမြန်းရာ ဦးလျန်ကျင့်မန်က “ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၆ မှာ မည်သူမဆို နည်းဥပဒေ စည်းမျဉ်း၊ စည်းကမ်းများနှင့် အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်နိုင်သည်လို့ ပြဌာန်းထားပါတယ်။ အဲ့ဒီ ဥပဒေအတိုင်း အရေးယူလို့ ရပါတယ်” ဟု ဖြေကြားသည်။