၁၂. ၁၀. ၂၀၂၃
Written by Nyein Kyaw
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မြန်မာ- တရုတ်နှစ်နိုင်ငံအကြား ပြန်လည်ညှိနှိုင်းဆွေးနွေးမည့် အချက်များကို ခွင့်ပြုထားပြီးဖြစ်၍ ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက စီမံကိန်းအား အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၃) တွင် ပြောကြားခဲ့သည်။
ယခင်က နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များနှင့်ပတ်သက်ပြီး နှစ်ဖက် အဓိပ္ပါယ်ကွဲလွဲယူဆ၍ ရနိုင်သည့်အချက်ရှိရာ ပြန်လည်ညှိနှိုင်းရမည့်အချက်များကို နိုင်ငံတော်အကြီးအကဲက ဆွေးနွေးညှိနှိုင်းရန် မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်၍ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ညှိနှိုင်းမှုများ အပြုသဘောဆောင်ပြီး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရေးအတွက် နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precendent) ကို ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဘက်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များကို သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ကျောက်ဖြူစီမံခန့်ခွဲမှု ကော်မတီများအနေဖြင့် လိုအပ်ချက်ပေါ်မူတည်ပြီး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းများအချိန်တိုအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး လမ်းညွှန်မှုများ ပြုလုပ်ထားပြီးဖြစ်သည့်အတွက် လိုအပ်သည့် ညှိနှိုင်းဆွေးနွေးမှုများကို အချိန်တိုအတွင်း ပြီးပြတ်အောင် ဆက်လက်လုပ်ဆောင်ပြီး စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရန် အသိပေးပြောထားကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ရေနက်စီမံကိန်း၏ မူဘောင်သဘောတူညီချက် (Framework Agreement) ရေးထိုးနိုင်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် Shareholders’ Agreement နှင့် နိုဝင်ဘာလတွင် Concession Agreement ကို နှစ်ဖက်သဘောတူ လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။