၁၃. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
အစ္စရေးနိုင်ငံကို တိုက်ခိုက်ရန် ဟားမားစ်တို့က မြောက်ကိုရီးယားနိုင်ငံထုတ်လက်နက်များကို အသုံးပြုနေသည်ဟု စွပ်စွဲချက် မီဒီယာများ၌ ဖော်ပြလာကြခြင်းအား ထိုစွပ်စွဲချက်မဟုတ်မှန်ကြောင်း မြောက်ကိုရီးယား အစိုးရက အောက်တိုဘာ ၁၃ ရက်တွင် ငြင်းပယ်ခဲ့သည့်အပြင် ထိုစွပ်စွဲချက်မှာ အမေရိကန်အနေဖြင့် စစ်ပွဲဖြစ်ပွားမှုအတွက် ၎င်းအားပြစ်တင်ပြောကြားချက်များကို တတိယနိုင်ငံတစ်နိုင်ငံသို့ လမ်းကြောင်း လွှဲပေးလိုက်ခြင်းသာဖြစ်ကြောင်းလည်း တုံ့ပြန်ပြောကြားခဲ့သည်။
စစ်ဘက်ကျွမ်းကျင်ပညာရှင်များက ဟားမားစ်စစ်သွေးကြွတို့အနေဖြင့် မြောက်ကိုရီးယားထုတ်လက်နက်များကို အသုံးပြုကောင်းပြုနေနိုင်ကြကြောင်း ပြောကြားခဲ့ခြင်းနှင့် ဟားမားစ်တို့က မြောက်ကိုရီးယားထုတ် ဒုံးပစ်လောင်ချာဟု သံသယဖြစ်ဖွယ်ရှိသော လက်နက်တစ်ခုကို ဗီဒီယိုတစ်ခု၌ ပြသခဲ့ခြင်းတို့အား ကိုးကား၍ RFA သတင်းဌာနက သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
အမေရိကန်အစိုးရပိုင် VOA သတင်းဌာနကလည်း ဟားမားစ်တို့က မြောက်ကိုရီးယားထုတ်ဖြစ်ဖွယ်ရှိသော လက်နက်အချို့အား အသုံးပြုနေကြောင်း ထောက်လှမ်းရေးပညာရှင်တစ်ဦးကပြောခဲ့သည်ဟု သတင်းဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ထိုစွပ်စွဲချက်မှာ အမေရိကန်အစိုးရ၏ဩဇာခံသတင်းဌာနများက ကျွမ်းကျင်သူအစစ်အမှန်မဟုတ်သူတို့၏ ပြောကြားချက်များကို အခြေအမြစ်မရှိဘဲ သတင်းအဖြစ်ဖော်ပြခဲ့ခြင်းဟု ပြန်လည်ရေးသားခဲ့သည်။ အရှေ့အလယ်ပိုင်းအကျပ်အတည်း အခြေအနေက တတိယနိုင်ငံတစ်ခုအပေါ် ဗိုလ်ကျစိုးမိုးလိုသည့် မူဝါဒကြောင့်ဖြစ်လာရခြင်းဖြစ်ပြီး ထို့ကြောင့်လည်း နိုင်ငံတကာမှဝေဖန်မှုကို ရှောင်တိမ်းနိုင်ရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ဆက်လက်ဖော်ပြသွားခဲ့သည်။
အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကလည်း ၎င်းအနေဖြင့် အဆိုပါ စွပ်စွဲချက်ကို အတည်မပြုပါကြောင်း အောက်တိုဘာ ၁၂ ရက်တွင်ပြောခဲ့သည်။ ၎င်းက အဆိုပါ ဒုံးပစ်လောင်ချာ လက်နက်သတင်းအရင်းအမြစ်များကြောင့် ကိုရီးယားကျွန်းဆွယ်အပါအဝင် အမေရိကန်အစိုးရ၏ လုံခြုံရေးမဟာဗျူဟာကို ထိခိုက်စေမည်လည်းမဟုတ်ဟု ထပ်ဆင့်ပြောခဲ့သည်။
Ref-Reuters