၁၃. ၁၀. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် တည်ငြိမ်ကောင်းမွန်နေမည်ဟု မျှော်လင့်ရကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF- International Monetary Fund)က သုံးသပ်ဖော်ပြလိုက်သည်။
အဆိုပါ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းတွင် World Economic Outlook ကို ထုတ်ပြန်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဒေသအတွင်းနိုင်ငံများထဲတွင် GDP တိုးတက်မှုနှုန်း အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်ကြောင်း သိရသည်။IMF ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ GDP ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၆ ရာခိုင်နှုန်းရှိနေမည်ဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင်လည်း GDP ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်းရှိနေမည်ဖြစ်ကာ လာမည့် ၂၀၂၅ ခုနှစ်တွင် GDP ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံဒေသတွင်းနိုင်ငံများအနက် ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့က GDP ဖွံ့ဖြိုးတိုးတက်မှုနှုန်း အကောင်းဆုံးနိုင်ငံများထဲတွင် ပါဝင်နေကြောင်း သိရသည်။မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုနှုန်းက၂ ဒသမ ၇ ရာခိုင်နှုန်း ရှိနေပြီး လာမည့်နှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဖြစ်သည်။၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းကို နှိုင်းယှဉ်မည်ဆိုလျှင် ၂၀၁၅ ခုနှစ်သည် GDPတိုးတက်မှုနှုန်း အကောင်းဆုံးဖြစ်ခဲ့ပြီး၇ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကာ အာဏာအငြင်းပွားမှုစတင်ဖြစ်ပွားသော ၂၀၂၁ခုနှစ်တွင် GDP တိုးတက်မှုနှုန်းက အနုတ် ၁၇ ဒသမ ၉ ရာခိုင်နှုန်း
အထိရှိခဲ့ကြောင်း IMF ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၁၄ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းက ၇ ဒသမ၈ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိနေကြောင်း IMF က ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကျဆင်းလာခဲ့ပြီး ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၁၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ကြောင်းသိရသည်။ ၂၀၂၂ ခုနှစ် ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများထဲတွင် အမြင့်ဆုံးဖြစ်နေကြောင်း သိရသည်။
Ref; IMF