၁၃. ၁၀. ၂၀၂၃
Written by KL
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ရပ်ကွက်အချို့နှင့်ကျေးရွာများတွင် ရေကြီးမှုကြောင့် ရေဘေးသင့်သူဦးရေ ၇၀၀၀ ကျော်ရှိပြီး စာသင်ကျောင်း ၁၁ ကျောင်းပိတ်ထားရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
လှည်းကူးမြို့နယ်တွင် ငမိုးရိပ်ချောင်း ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြို့မရပ်ကွက်၊ အောင်မင်္ဂလာ အပါအဝင် စုစုပေါင်း ရပ်ကွက် ၃ ခုနှင့် မင်းကုန်း၊ အုန်းနှဲကုန်း၊ ဇရပ်ကွင်း၊ ကြာအင်း၊ ငါးဆူတောင်၊ကျွန်းကလေး၊ ကျောက်ကုဒင်၊ စွယ်လပ်၊ ဖောင်ကြီး(အရှေ့)၊စခန်းကြီး၊ ကလီထော်(အရှေ့)၊ စာဘူးတောင်း၊ သူငယ်ချောင်း၊ စစ်ပင်၊ ဝါးနက်ကုန်းစသည့် စုစုပေါင်းကျေးရွာအုပ်စု ၁၇ စုတို့တွင် ရေဝင်ရောက်ခဲ့ကာ နေအိမ်များ ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
ရေကြီးမှုကြောင့် အိမ်ခြေ ၁၇၀၀ ကျော် ရေဝင်ရောက်ပြီး အိမ်ထောင်စု ၁၇၀၀ ကျော်၊ လူဦးရေ ၇၀၀၀ ကျော်က ရေကင်းလွတ်ရာ ဆွေမျိုးများနေအိမ်နှင့် ကျေးရွာခန်းမ၊ဓမ္မာရုံများ၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ကျောင်း၊ ဆေးရုံကုန်း၊ ဂိုထောင် အပါအဝင် ယာယီစောင့်ရှောက်ရေးစခန်း ၄၅ နေရာတွင် ယာယီနေထိုင်ကြရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှသိရသည်။
“ရေက နည်းနည်းတော့ကျတာ။ ဒါပေမယ့် အနိမ့်ပိုင်းတွေမှာတော့ ရေတွေရှိသေးတယ်။ ကျွန်တော်တို့လည်း ရေဘေးသင့်သူတွေ စားဖို့အတွက် တတ်နိုင်သလောက် ထမင်းဟင်းတွေ ဝေငှတာတွေရှိပါတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူ တစ်ဦးက ပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၄၀၀ ကျော်ပညာသင်ကြားနေပြီး ဆရာ၊ဆရာမ ၅၄ ဦး သင်ကြားပေးနေသော ပြည်တော်ရွာရပ်ကွက်ရှိ အမက( ခြံတဲ)၊ ကဒစ်ရွာရှိ အမက(ရေကဒစ်)၊ စခန်းကြီးရွာရှိ အမက(စခန်းကြီး)၊ ညောင်တခြမ်းရွာရှိ အမက(ညောင်တခြမ်း)၊ ခရောင်ရွာရှိ အမက(ခရောင်)၊ ဝါးနက်ကုန်းရွာရှိ အမက(ဝါးနက်ကုန်း)၊ စစ်ပင်မြောက်ရွာရှိ အမက(စစ်ပင်မြောက်)၊ ဂျုံးဂျုံးကျရွာရှိ အမက(ဂျုံးဂျုံးကျ)၊ ဒရယ်ဘိုရွာရှိ မူလွန်(ဒရယ်ဘို) စာသင်ကျောင်းတို့ကို ခတ္တပိတ်ထားရသည်။
Photo – Myanmar Fire Services Department