၁၃. ၁၀. ၂၀၂၃
Written by Nyein Kyaw
ပြည်တွင်း ဆန်ဈေးနှုန်းမြင့်မားနေခြင်းနှင့် ပို့ကုန်ရငွေအပေါ် သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းထားများအရ ဆန်တင်ပို့မှု ကျဆင်းနေသဖြင့် ပို့ကုန်ရငွေအပေါ် ငွေလဲလှယ်နှုန်း ပြင်ဆင်နိုင်ရန် နိုင်ငံတော်အဆင့်အထိ တင်ပြထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
“Export ကျတဲ့ အဓိကအနေအထားကတော့ နံပါတ်တစ် ကျွန်တော်ပြောချင်တာကတော့ ပြည်တွင်းဆန်ဈေးနှုန်း မြင့်မားတဲ့ကိစ္စကလည်း တစ်ခုဖြစ်တာ တွေ့ရတယ်။ ဒုတိယတစ်ချက်ကတော့ ငွေလဲနှုန်းကလည်း ပါပါတယ်။ ငွေလဲနှုန်းနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ နိုင်ငံတော်ကိုလည်း တင်ပြထားတယ်။ ငွေလဲနှုန်း ပြင်သည့်တိုင်အောင် ပြည်တွင်းဆန်ဈေးနှုန်း မြင့်မားနေတဲ့အချိန်ဆို ကျွန်တော်တို့ အခက်အခဲရှိပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
ငွေလဲလှယ်နှုန်း ပြင်ဆင်နိုင်ပါကလည်း ငွေလဲနှုန်းပြင်ဆင်သတ်မှတ်ခြင်းကြောင့် ပြည်တွင်းဆန်ဈေးနှုန်း လိုက်ပါမြင့်တက်လာခြင်း မရှိစေရန်လိုအပ်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များဘက်တွင် အဆင်ပြေလာစေသော်လည်း သွင်းအားစုများ တင်သွင်းရာတွင် ဈေးနှုန်းသက်သာစေရန် ငွေလဲလှယ်နှုန်း တည်ငြိမ်မှန်ကန်စေရန်လည်း လိုအပ်ကြောင်း သိရသည်။
“ငွေလဲနှုန်းပြင်မယ်ဆိုပြီးတော့ ပြည်တွင်းဆန်ဈေးနှုန်းလည်း လိုက်မြင့်တက်မှာ ကျွန်တော်တို့က စိုးရိမ်ရပါတယ်။ နောက်ငွေလဲနှုန်းကလည်း ခုနကပြောသလို Exporter တွေဘက်က စဉ်းစားသလို ဓာတ်မြေဩဇာတို့ သွင်းအားစုတို့ဘက်က ပြန်ကြည့်မယ်ဆိုလို့ရှိရင် ဓာတ်မြေဩဇာနဲ့ သွင်းအားစုတို့ ဈေးသက်သာဖို့ဆိုရင် ငွေလဲနှုန်းကလည်း တည်ငြိမ်မှန်ကန်တဲ့ ငွေလဲနှုန်းဖြစ်မှရမှာ ဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းတင်ပို့ရန် လျာထားသော်လည်း ဘဏ္ဍာနှစ် ခြောက်လကုန်ဆုံးချိန်အထိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၆၀,၀၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၂၁၀ ခန့်သာ ရရှိထားခြင်းကြောင့် ယခုအောက်တိုဘာမှစ၍ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလအတွင်း ဆန်တန်ချိန် ခြောက်သိန်းကျော်အထိ တင်ပို့နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံအတွက် နိုင်ငံခြားသုံးငွေများ ရှာဖွေပေးနေသော ပို့ကုန်လုပ်ငန်းရှင်များအတွက် အထူးအခွင့်အရေးများ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှ ထုတ်ပြန်ထားပြီး ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၅၀ အား ဗဟိုဘဏ်သတ်မှတ်နှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် လဲလှယ်နေရခြင်းအပေါ် ပြန်လည်ဖြေလျှော့ပေးခြင်းနှင့် ငွေလဲလှယ်နှုန်းထားများ ပြင်ဆင်လာနိုင်မည်လောဟု ပို့ကုန်လုပ်ငန်းရှင်များက မျှော်လင့်နေခြင်းဖြစ်သည်။