၁၃. ၁၀. ၂၀၂၃
Written by Nay Moe
တရုတ်အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းခေါင်းဆောင် UWSA အရာရှိဆိုသူနှစ်ဦးကို တရုတ်နိုင်ငံက တရားခံပြေးစာရင်းကြေညာမှု ထွက်ပေါ်လာတာကို တွေ့ရှိရပါတယ်။
ကနဦးသတင်းတွေအရ တရုတ်အစိုးရ ဖမ်းဝရမ်းထုတ်ခံရသူနှစ်ဦးဟာ ကျားဖျန်လို့ခေါ်တဲ့ တရုတ်အွန်လိုင်းလိမ်လည်မှုရာဇဝတ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေသူတွေက မြန်မာပြည်ဘက်ခြမ်း ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ ‘ဝ’ အရာရှိနှစ်ဦးလို့ သိရပါတယ်။
သူတို့ကို ဖမ်းဝရမ်းထုတ်သူတွေဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့နဲ့ ဟန်ကျိုးမြို့ အများပြည်သူလုံခြုံရေးဌာနကဖြစ်ပြီး တရုတ်ရဲ့ ဝရမ်းထုတ်ခံရသူတစ်ဦးက လက်ရှိ ဝပြည်နယ်အစိုးရဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း ခေါ် ပေါက်ယန်ပန် ခေါ် ချန်ယန်ပန် (ယခင် ၄၆၈ တပ်မဟာမှူး၊ ဝခေါင်းဆောင် ပေါက်ယူချန်း၏ တူတော်စပ်သူဟု ဆိုကြသူ)ဖြစ်ပြီးနောက် တစ်ဦးက UWSA ဝနယ်၊ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် ခေါ် အိုက်ဟော် ခေါ် ဟော်ချွင်ထင် (ဝခေါင်း ဆောင်ပေါက်ယူချန်း သားမက်ဟောင်းဟု ဆိုကြသူ)တို့ ဖြစ်ကြပြီး သူတို့ကို ဖမ်းမိအောင် သတင်းပေးကူညီသူကို တရုတ်ယွမ် တစ်သိန်းကနေ ငါးသိန်းအထိပေးမယ်လို့ သတင်းထွက်ပေါ်နေတာပါ။
မြန်မာနိုင်ငံဘက်က ထိုင်းနယ်စပ်နဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ တရုတ်နဲ့ ထိုင်းနယ်စပ်မှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းလိမ်လည်မှုတွေ တွင်တွင်ကျယ်ကျယ်လုပ်လာပြီး မြန်မာနိုင်ငံကို နာမည်ပျက်စေခဲ့သလို တရုတ်နိုင်ငံဘက်မှာလည်း ကြောက်ရွံမှုတွေဖြစ်ပေါ်လာတာကြောင့် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို လေးနိုင်ငံပေါင်းပြီး ကျားဖျန်တွေကို နှိမ်နင်းရာမှာ တရုတ်နယ်စပ်ဘက်က တရုတ်ရာဇဝတ်ဂိုဏ်းသား ထောင်ချီဖမ်းမိခဲ့သလို မြန်မာဘက်က လွှဲပြောင်းပေးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ကိုးကန့်ဘက်က ထိပ်တန်းသူဌေးကြီးတွေအပါအဝင် ၁၁ ဦးကိုလည်း ကျားဖျန်လိမ်လည်မှုတွေနဲ့ ဆက်နွှယ်တယ်ဆိုပြီး တရုတ်ဘက်က ဖမ်းဆီးပြီးနောက်မှာ UWSA ဘက်က အရာရှိနှစ်ဦးကိုပါ ဖမ်းဝရမ်းထုတ်တယ်လို့ ရုပ်ပုံနဲ့တကွထွက်ပေါ်လာတာပါ။
ဒီသတင်းဖြစ်စဥ်အပေါ် မှန်ကန်မှုရှိ မရှိ MT News သတင်းဌာနက ‘ဝ’ တာဝန်ရှိသူတချို့ကို ဆက်သွယ်မေးမြန်းထားပြီး အတည်ပြုဖြေဆိုလာတာကို ဆက်လက်ထုတ်ပြန်ပေးမှာပါ။