၁၂. ၁၀. ၂၀၂၃
Written by Nay Aung
ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် Milijane-Yangon (မီလီဂျန်-ရန်ကုန်) ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းတည်ဆောက်ရန် စိတ်ဝင်စားနေကြောင်း ရုရှားအခြေစိုက်မီဒီယာ Neftegaz က ဖော်ပြထားသည်။
ရုရှား စွမ်းအင်ဝန်ကြီး Nikolai Shulginov သည် အောက်တိုဘာ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် နှင့် Russian Energy Week (REW) အစည်းအဝေးနားချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရန်ကုန်မြို့နှင့် မီလီဂျန်ဒေသကြား ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်း တည်ဆောက်မည့် စီမံကိန်းလည်းဆွေးနွေးခဲ့ကြောင်း ရုရှား စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါတွေ့ဆုံပွဲအပြီးတွင် ရုရှားစွမ်းအင်ဝန်ကြီးက မြန်မာနိုင်ငံတွင် ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး စီမံကိန်းတွင် ရုရှားနိုင်ငံက ပါဝင်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ပြောဆိုသည်။ရုရှားပိုက်လိုင်းထုတ်ကုမ္ပဏီများသည် Milijane-Yangon ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားနေကြောင်း ရုရှားစွမ်းအင်ဝန်ကြီးက ပြောဆိုခဲ့သော်လည်း အသေးစိတ်အခြေအနေများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။
ရုရှားစွမ်းအင်ဝန်ကြီးနှင့် မြန်မာစွမ်းအင်ဝန်ကြီးတို့တွေ့ဆုံဆွေးနွေးချိန်အတွင်း ရုရှားနှင့် မြန်မာနိုင်ငံကြား ရေနံနှင့် စွမ်းအင်ကဏ္ဍများအတွက် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုကောင်းမွန်စေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဝန်ကြီးနှစ်ဦးသည် မြန်မာနိုင်ငံတွင် စွမ်းအင်အဆောက်အဦများ ပိုမိုခေတ်မီရေးနှင့် တည်ဆောက်ရေးအတွက် စီမံကိန်းများ ပြန်လည်သုံးသပ်ခြင်းများ လုပ်ဆောင်ခဲ့သလို နှစ်နိုင်ငံကြား စွမ်းအင်ကဏ္ဍနှင့်ပတ်သက်ပြီး အတွေ့အကြုံများဖလှယ်ရေး၊ လေ့ကျင့်သင်ကြားပေးရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရန်ကုန်မြို့သို့ ဓာတ်ငွေ့ထောက်ပံ့ပေးရေးနှင့်ပတ်သက်ပြီး အခက်အခဲများဖြစ်လာခဲ့ရာ အထူးသဖြင့် ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ထောက်ပံ့ပို့လွှတ်ရေး အခက်အခဲဖြစ်လာခဲ့ကာ လျှပ်စစ်မီးလိုအပ်ချက်များ မြင့်တက်လာခဲ့သည်။မြန်မာနိုင်ငံသည် နိုင်ငံအတွင်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နှင့်ထိုင်းနိုင်ငံများထံ ပိုက်လိုင်းမှတစ်ဆင့် ပို့လွှတ်ပေးနေသော်လည်း သဘာဝဓာတ်ငွေ့အရည်( LNG )ကို ပြန်လည်တင်သွင်းမှုများ လုပ်ဆောင်နေရကြောင်း သိရသည်။
ရုရှား စွမ်းအင်ဝန်ကြီးနှင့် မြန်မာစွမ်းအင်ဝန်ကြီးတို့သည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ကတိများအရ လျှပ်စစ်ဓာတ်အား အသစ်ထုတ်လုပ်နိုင်ရန် တည်ဆောက်ခြင်းနှင့် ဓာတ်အားပေးစက်ရုံများ ပြန်လည်လုပ်ကိုင်နိုင်ရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တပ်ဆင်ထားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများအနက် ရေအားလျှပ်စစ်ထုတ်လုပ်မှုက အများဆုံးဖြစ်ပြီး ၅၄ ရာခိုင်နှုန်းရှိကြောင်း၊သို့သော်လည်းအပူချိန်မြင့်တက်ခြင်းနှင့် ရေရှိမှုနည်းပါးခြင်းများကြောင့် ၂၀၂၃ ခုနှစ်တွင် နိုင်ငံအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်မှု ကျဆင်းခဲ့ကြောင်းသိရသည်။မြန်မာနိုင်ငံတွင်တပ်ဆင်ထားသော ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းက ၄၁ ရာခိုင်နှုန်း၊ ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ဓာတ်အားရရှိမှု ၁ ရာခိုင်နှုန်း၊ကျောက်မီးသွေးနှင့် လောင်စာဆီသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ ဓာတ်အားရရှိမှုက ၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
Ref; neftegaz