၁၂. ၁၀. ၂၀၂၃
Written by Nyein Kyaw
ဆန်စပါးဈေးကွက်သည် ယခင်က စားသုံးသူအတွက် အခွင့်သာသည့် ဈေးကွက်ဖြစ်ပြီး လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ထုတ်လုပ်သူအတွက် အခွင့်သာသည့် ဈေးကွက်ဖြစ်လာသည့်အတွက် အခြေခံစပါးဈေးနှုန်း ကျပ် ၇၅၀,၀၀၀ သတ်မှတ်ထားသော်လည်း ကျပ် ၁၂ သိန်းအောက် ကျဆင်းလာမည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယနေ့ ပြုလုပ်သည့် သတင်းပြန်ကြားရှင်းလင်းဆွေးနွေးပွဲမှ သိရသည်။
ဆန်စပါးလုပ်ငန်းကဏ္ဍ၌ ထုတ်လုပ်သူတောင်သူ (ရောင်းချသူ)နှင့် စားသုံးသူပြည်သူ (ဝယ်ယူသူ)ရှိသည့်အနက် ယခင်က ဝယ်ယူသူက အသာစီးရရှိခဲ့သည့် ဈေးကွက်ဖြစ်ခဲ့ခြင်းကြောင့် စပါးဈေးနှုန်းကျဆင်းမှုကို ထိန်းသိမ်းရန် အခြေခံရည်ညွှန်း စပါးဈေးနှုန်းများ ထုတ်ပြန်ခဲ့ရပြီး ယင်းဈေးနှုန်းအထက်တွင် ရောင်းချရန် မဖြစ်မနေသတ်မှတ်ပေးခဲ့ရခြင်းဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် ထုတ်လုပ်သူတောင်သူ အသာစီးရရှိနေသည့် ဈေးကွက်ဖြစ်သည်။ ထို့ကြောင့် အခြေခံစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ကျပ် ၇၅၀,၀၀၀ သတ်မှတ်ပေးထားသော်လည်း ဈေးကွက်ပေါက်ဈေးအတိုင်း မိမိစိတ်ကြိုက်ရောင်းချနိုင်သည့်အပြင် ဈေးကွက်အားသာချက်အရ မရောင်းချဘဲ နေနိုင်ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလကို ပြန်ကြည့်မယ်ဆိုရင် ထုတ်လုပ်သူအတွက် အခွင့်သိပ်ပြီးတော့မသာတဲ့ စားသုံးသူအတွက် အခွင့်သာတဲ့ Buyer Market ဖြစ်ပါတယ်။ ဒီဘက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နစကအစိုးရလက်ထက်မှာတော့ ထုတ်လုပ်သူအတွက် အခွင့်သာတဲ့ Market ဖြစ်လာတာကို တွေ့ရပါတယ်။ မူလကဆိုရင် ကျွန်တော်တို့ တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ ဆန်စပါးနဲ့ပတ်သက်တဲ့ အထူးသဖြင့် စပါးကို အခြေခံဈေးပေါ့နော်။ အခြေခံဈေးပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ အခြေခံဈေးဆိုတာ Market Price မဟုတ်ပါဘူး။ Market Price ဆိုတာ ဈေးကွက်မှာ ရောင်းသူ/ဝယ်သူ ကြည်ဖြူစွာနဲ့ ရောင်းချတဲ့ဈေးဖြစ်ပါတယ်။ ဒါကြောင့်မို့ အခြေခံဈေးကိုတော့ Reference Price/ Floor Price ကြမ်းခင်းဈေးပဲဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
အစိုးရအနေဖြင့် အခြေခံရည်ညွှန်း စပါးဈေးနှုန်း သတ်မှတ်ပေးခဲ့မှုသည် ၂၀၁၈ ခုနှစ်မှ စတင်၍ ၅ ကြိမ်အထိ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ စပါးဈေးနှုန်းများ ထိုးကျခဲ့ပြီး ထုတ်လုပ်သူတောင်သူများ အရှုံးပေါ်ခဲ့သည့် ၂၀၁၈ ခုနှစ်တွင် တစ်တင်းလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် တင်း ၁၀၀ လျှင် ကျပ် ၅၀၀,၀၀၀ နှုန်း စတင်သတ်မှတ်ပေးခဲ့ရခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ အထိတွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၅၀၀,၀၀၀ နှုန်း သတ်မှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အခြေခံစပါးဈေးနှုန်း ကျပ် ၅၄၀,၀၀၀ နှင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် အခြေခံစပါးဈေးနှုန်း ကျပ် ၆၃၀,၀၀၀ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၃ ခုနှစ်တွင် အခြေခံစပါးဈေးနှုန်း နှစ်မျိုးဖြစ်နေရခြင်းသည် နိုင်ငံတော်က ပုံမှန်သတ်မှတ်ပေးသည့် အခြေခံရည်ညွှန်းဈေးနှုန်းနှင့် ဈေးကစားသူများ ဈေးဆွဲတင်မှုကို အလွန်အကျွံမဆောင်ရွက်စေရန် ဈေးကွက်ပေါက်ဈေး (Market Price) ကို အသင်းချုပ်မှ သီးခြားသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၃ ခုနှစ် အခြေခံရည်ညွှန်းစပါးဈေးနှုန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၇၅၀,၀၀၀ သတ်မှတ်လိုက်ချိန်တွင် စပါးဈေးနှုန်း ကျပ် ၇၀၀,၀၀၀ ဝန်းကျင်အထိ ထိုးကျသွားမည်ကို တောင်သူများစိုရိမ်နေကြပြီး တောင်သူများအနေဖြင့် စပါးဈေးနှုန်း အနည်းဆုံး ၁၀ သိန်းဈေး အထက်ရှိမှသာ အဆင်ပြေမှုရှိမည်ဖြစ်သည်။
လက်ရှိဆန်စပါးဈေးကွက်သည် ထုတ်လုပ်သူက အားသာသည့်ဈေးကွက်ဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်းများ သတ် မှတ်လိုက်ခြင်းကြောင့် စပါးဈေးနှုန်း ထိုးကျလာမည်မဟုတ်ကြောင်းနှင့် စပါးဈေးနှုန်းသည် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းဝန်းကျင်အောက် ကျဆင်းလာနိုင်စရာမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြော သည်။