October 30, 2024

MT News

Written by Nay Moe

ကမ္ဘောဒီယားနိုင်ငံမှာ နိုဝင်ဘာ ၁၀ ရက် ၂၀၂၂ ကနေ ၁၃ ရက်နေ့အထိ ပြုလုပ်မယ့် ၄၀ နဲ့ ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ Global Town Hall 2022 တွင် စကားပြောခွင့်ပယ်ချခံရသည့် ဒေါ်ဇင်မာအောင်တို့က သဝဏ်လွှာပေးပို့လိုက်တယ်လို့ NUG က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

သဝဏ်လွှာထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အခြားသော သက်ဆိုင်သူတွေက ဥပဒေ၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ အားလုံးပါ ဝင်နိုင်တဲ့ ကတိကဝတ်တွေအပေါ် အခြေခံပြီးတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် လေးနက်တဲ့ လမ်းပြမြေပုံကို ပြင်ဆင်ထားတယ်ဆိုပြီးတော့ ဖော်ပြထားပါတယ်။ ဘင်္ဂလီ(မူရင်း-ရိုဟင်ဂျာ)အပါအဝင် မြန်မာပြည်သူအားလုံးကို ပံ့ပိုးကူညီမှုနဲ့ အကာအကွယ်တွေကို NUG အနေနဲ့ တိုးချဲ့ ဆောင်ရွက်နေတယ်ဆိုတာနဲ့ ဒေသတစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက် အထက်မှာပြောခဲ့တဲ့ လမ်းပြမြေပုံကို ပံ့ပိုးပေးဖို့အတွက်လည်း အာဆီယံကို တောင်းဆိုတယ်လို့ ဖော်ပြထားပါတယ်။

SAC အဆိုပြုထားတဲ့ ရွေးကောက်ပွဲကလည်း အတုအယောင်နဲ့ တရားဝင်မဟုတ်တာကြောင့် မြန်မာနိုင်ငံနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေ ပိုကြီးမားလာစေမှာ အသေအချာဖြစ်တယ်ဆိုတာနဲ့ အတုအယောင်ရွေးကောက်ပွဲကို အာဆီယံက ပယ် ချဖို့ အလေးအနက် မျှော်လင့်တယ်ဆိုပြီးတော့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနဲ့ အခြားသော သက်ဆိုင်သူတွေကို ထိတွေ့ဆက်ဆံဖို့အတွက် လေးစားစွာ အကြံပြုထားပြီး မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး ကို ဖြေရှင်းဖို့အတွက် အာဆီယံအနေနဲ့ အားလုံးပါဝင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဖိုရမ်ကို ခေါ်ယူပေးဖို့ အတွက်လည်း တောင်းဆိုထားပါတယ်။

NUG ယာယီသမ္မတအနေနဲ့ သဝဏ်လွှာပို့တဲ့အပြင် နိုဝင်ဘာ ၉ ရက်က Global Town hall 2022 အခမ်းအနားမှာ အမှာစကားပြောကြားမဲ့ အစီအစဥ် ဖျက်သိမ်းခံထားရတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကလည်း အမှာစာပေးပို့ခဲ့ပါတယ်။

“Sustaining Peace and Development in a Divided World” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ Global Townhall 2022 အခမ်းအနားမှာ အမှာစကားပြောကြားဖို့အတွက် NUG နိုင်ငံခြားရေးဝန်ဒေါ်ဇင်မာအောင်ကို ဖိတ်ကြားခဲ့ပေမဲ့လည်း အခမ်းအနားစီစဥ်သူများ ဖိအားပေးမှုအချို့နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဒီအစီအစဥ်ဖျက်သိမ်းခံခဲ့ရသလို NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးလည်း တက်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။

ဒေါ်ဇင်မာအောင်ရဲ့ တောင်းဆိုချက်တွေထဲမှာ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ်နဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ အာဆီယံမူငါးချက်ကို တရားဝင်မူဘောင်အသစ်တွေ အစားထိုးချမှတ်တာ ဒါမှမဟုတ် ချဲ့ထွင်တာ၊ နယ်စပ် ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတဲ့ ရပ်ရွာတွေ အားလုံးကို အကူအညီပေးပို့တာ၊ SAC ရဲ့ စစ်ဆင်ရေးတွေကြောင့် နိုင်ငံတွင်းက တိမ်းရှောင်လာခဲ့ကြရတဲ့ မြန်မာနိုင်ငံသားတွေကို အတင်းအကြပ် ပြန်မပို့တာနဲ့ ပံ့ပိုးကူညီမှုတွေ တိုးချဲ့လုပ်ဆောင်ပေးတာ၊ တရုတ်၊ အိန္ဒိယ၊ အင်္ဂလန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့အပါအဝင် အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံကို ထိခိုက်စေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် တွေ့ဆုံဆွေးနွေးတာ၊ ရေရှည်လူထုဗဟိုပြု နိုင်ငံရေးနည်းနဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ပံ့ပိုးကူညီတာ တွေအပါအဝင် အာဆီယံရဲ့ ကြိုးပမ်းမှုကို အားဖြည့်ပေးနိုင်မယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်နေတာတွေကို ကူညီထောက်ပံ့တာတွေ ပြုလုပ်ပေးဖို့ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *