(Reuters သတင်းဌာနမှာ ဖော်ပြထားတဲ့ Who is Mohammed Deif, the Hamas commander behind the attack on Israel? ဆောင်းပါးကို ကောက်နုတ်ပြန်ဆို ဖော်ပြထားတာဖြစ်ပါတယ်။)
၁၂.၁၀.၂၀၂၃
Translated by Htwe Ko Tun
အောက်တိုဘာ ၇ ရက် နံနက်ခင်းမှာစခဲ့တဲ့ ဟားမားစ်စစ်သွေးကြွအုပ်စုရဲ့ အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှုက သူတို့နိုင်ငံအတွက်တော့ ၉/၁၁ အကြမ်း ဖက်တိုက်ခိုက်မှုကြီးသဖွယ်ဖြစ်ခဲ့ပြီလို့ အစ္စရေးတို့က ပြောခဲ့ကြပါတယ်။
စစ်ပွဲငါးရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၁ ရက်အထိ အစ္စရေးပြည်သူ အနည်းဆုံး ၁,၂၀၀ ဦးသေကြေကာ ၂,၇၀၀ ကျော် ဒဏ်ရာရခဲ့ရပါပြီ။ ဒါတင်မက အိမ်ရာအဆောက်အအုံတွေရယ်လို့လည်း အတိအကျ မဆိုနိုင်လောက်အောင် ပျက်စီးခဲ့ရပါပြီ။
အစ္စရေးအတွက် ဒီလိုကြီးမားတဲ့ဆုံးရှုံးမှုကြီးတွေဖြစ်စေခဲ့တဲ့ ဟားမားစ်တို့က Al Aqsa Flood စစ်ဆင်ရေးလို့အမည်ပေးခဲ့တဲ့ ဒီတိုက်ခိုက်မှုကို အဓိကဦးဆောင်ခဲ့တဲ့ သူက ဘယ်သူဖြစ်မလဲ။ ဒီတိုက်ခိုက်မှုကို စီစဉ်ခဲ့သူက ဘယ်သူလဲ။ ဒါက အစ္စရေးတို့အတွက် အရေးကြီးတဲ့အချက်တစ်ရပ်ဖြစ်လာပါတယ်။ ဒီမှာ တစ်ကြိမ်တစ်ခါကနဲ့မှမတူအောင် အစ္စရေးနိုင်ငံကိုတိုက် ခိုက်မှုအတွက် မိုဟာမက်ဒိဖ်ကို အဓိက တာဝန်ရှိသူအဖြစ်လည်း အစ္စရေးဘက်က ယူဆလာပါတယ်။
မိုဟာမက်ဒိဖ်က ဂါဇာဒေသရဲ့ ဟားမားစ် စစ်ဖက်တပ်မှူးလည်းဖြစ်ကာ အစ္စရေးကိုတိုက်ခိုက်ခဲ့တဲ့ ဟားမားစ်တို့ရဲ့ များလှစွာသော အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကို စီစဉ်ခဲ့သူလို့လည်း အစ္စရေးက ဆိုပါတယ်။ Al Aqsa Flood စစ်ဆင်ရေးအတွက်လည်း ဟားမားစ်တွေက နှစ်နှစ်ခန့် အချိန်ယူ စီစဉ်ခဲ့ကြတယ်လို့ အစ္စရေးစစ်ဖက်က ဆိုပါတယ်။
ဒီမှာ အစ္စရေးကို ခုလိုတိုက်ခိုက်မှုက ဂါဇာကို ၂၀၂၁ ခုနှစ်ကထက်ဆိုးတဲ့ တုံ့ပြန်မှုတွေကြုံရနိုင်တယ်ဆိုတာ သိရက်သားနဲ့ မိုဟာမက်ဒိဖ်က ဘာလို့စီစဉ်ခဲ့ရတာလဲ။
အစ္စရေးရဲ့တုံ့ပြန်မှုက ပြင်းထန်မယ်ဆိုတာ သူ့အနေနဲ့သိမှာပါ။ စစ်ပွဲငါးရက်တာကာလမှာပဲ ဂါဇာမှာသေကြေရတဲ့ ပါလက်စတိုင်းတွေ အနည်းဆုံး ၁,၁၀၀ ဦးရှိပါပြီ။ ဂါဇာဒေသအတွင်း အစ္စရေးတို့ကလည်း မိုဟာမက်ဒိဖ် ရှိနေနိုင်တဲ့နေရာတွေကို ပြင်းထန်စွာလေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီမှာ လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာတော့ ဒိဖ်ရဲ့ဖခင်၊ ညီနဲ့ အခြားမိသားစုဝင်နှစ်ဦးသေဆုံးခဲ့တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
မိုဟာမက် ဒိဖ်က အစ္စရေးရဲ့ အသေရရ၊ အရှင်ရရ အလိုချင်ဆုံး ပါလက်စတိုင်းဟားမားစ် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ အာရပ်နဲ့ အစ္စလမ်ကမ္ဘာအတွက် ဘာသာရေးအထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်တဲ့ အရှေ့ဂျေရုဆလမ်ရှိ Al Aqsa ဗလီဝင်းအတွင်း အစ္စရေးတို့က အောက်တိုဘာ ၅ ရက်မှာ ဝင်ရောက်ကျူးကျော်ကာ အစ္စရေးစစ်တပ်အကာအကွယ်နဲ့ အခြေချနေထိုင်နေကြမှုအပြီး အောက်တိုဘာ ၇ ရက်မှာတော့ ဟားမားစ်တို့က Al Aqsa Flood စစ်ဆင်ရေးကို ခုလိုစတင်ခဲ့ကြတာပါ။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန်ကာလအတွင်း Al Aqsa ဗလီထဲကို ကျူးကျော်ဝင်ရောက်၊ တမန်တော်ကို ရှိခိုးနေသူတွေကို ရိုက်နှက်တိုက်ခိုက်၊ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေကို ဗလီအပြင် အဓမ္မဆွဲထုတ် စတဲ့အပြုအမူတွေက ပါလက်စတိုင်းတို့ရဲ့ဒေါသကို မီးမွှေးပေးလိုက်တာပဲ” လို့ ဂါဇာရှိ သတင်းအရင်းအမြစ် တစ်ခုကဆိုပါတယ်။
ဒါ့ပြင် အခုနှစ်တွေမှာ အစ္စရေးတွေရဲ့ ပါလက်စတိုင်းတွေအပေါ် သတ်ဖြတ်မှုတွေက တိုးတက်လာတယ်လို့လည်းသတင်းတွေက ဆိုပါတယ်။ ဒါကြောင့်လည်း အောင်မြင်မှုရဖို့ ခက်ခဲမယ်မှန်းသိတာတောင် ဒီအချက်တွေက ဟားမားစ်တို့ ရဲ့တိုက် ခိုက်မှုကို ဒိဖ်က ဦးဆောင်ပြုလုပ်ခဲ့တာလို့ ယူဆလာကြပါတယ်။
ဒိဖ်က အစ္စရေးအနေနဲ့ ခုလိုကျူးကျော်သိမ်းပိုက်မှုတွေပြုတာကို ရပ်ဆိုင်းဖို့ နိုင်ငံတကာအသိုင်းအဝန်းက ပူးပေါင်းဆောင် ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အစ္စရေးကလည်း အကြမ်းဖက်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ထားတဲ့ ဒိဖ်ကို အခုမှပဲ လိုက်လံတိုက်ခိုက်နေခဲ့တာမဟုတ်ပါဘူး။ အစ္စရေးက ဒိဖ်ကို လုပ်ကြံဖို့ကြိုးစားတာ ခုနှစ်ကြိမ်ရှိသွားပြီး ငါးကြိမ်က လေ ကြောင်းတိုက်ခိုက်မှုတွေလို့ ဆိုပါတယ်။ ဒီထဲမှာ ၂၀၁၄ ခုနှစ်က အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း သူ့ရဲ့ ဇနီး၊ ခုနစ်လသားသာရှိသေးတဲ့ သားနဲ့ သုံးနှစ်အရွယ်သမီးတို့ သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် အခုထိ အစ္စရေးတို့အနေနဲ့ ဒိဖ်ကို လုပ်ကြံဖို့ကြိုးစားမှုက မအောင်မြင်သေးပါဘူး။ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒိဖ်အနေနဲ့လည်း မျက်လုံးတစ်ဖက်ဆုံးရှုံးကာ ခြေထောက်တစ်ဖက်လည်း ပြင်းထန်စွာဒဏ်ရာရခဲ့ပါတယ်။
ဒီလို ဖိုးသက်ပြင်းလို့ဆိုရမယ့် ဟားမားစ်တို့အတွက်သူရဲကောင်းဖြစ်တဲ့ မိုဟာမက် ဒိဖ်က လူရှေ့သူရှေ့မှာလည်း ဘယ် တော့မှစကားပြောလေ့မရှိပါဘူး။
အောက်တိုဘာ ၇ ရက်မှာတော့ သူက “အယ်လ်အက်ဆာဗလီကို ကျူးကျော်သိမ်းပိုက်တာက ပါလက်စတိုင်းပြည်သူတွေနဲ့ နိုင်ငံကို ဒေါသူပုန်ထစေတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ မူဂျာဟစ်ဒင် တိုက်ခိုက်ရေးသမားတွေက ဒီရာဇဝတ်မှုကို အဆုံးသတ်မယ့် အချိန်ရောက်ပြီ” လို့ပြောခဲ့ပါတယ်။
သူက တွေ့ရမြင်ရခဲတဲ့ဟားမားစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အရိပ်နောက်မှာပဲနေတဲ့သူလို့ ဆိုကြပါတယ်။ ဒါ့အပြင် ဟားမားစ် သတင်းအရင်းအမြစ်တွေအရ ဒိဖ်က ခေတ်မီဒစ်ဂျစ်တယ်နည်းပညာတွေ ပါဝင်တဲ့ စမတ်မိုဘိုင်းဖုန်းတွေကို မသုံးစွဲဘူးလို့လည်း သိရပါတယ်။
ဒါကြောင့်လည်း အစ္စရေးတို့အဖို့ သူတိုနိုင်ငံအတွက်တော့ အန္တရာယ်ဖြစ်တဲ့ မိုဟာမက် ဒိဖ်ကို ဒီတစ်ခါလုံးဝဇာတ်သိမ်းနိုင်မလား။ ဟားမားစ်တို့ ရဲ့ သူရဲကောင်းအဖြစ် ဒိဖ်က ဆက်ပြီး အစ္စရေးကို ဆန့်ကျင်တိုက်ခိုက်ဦးမှာလား။ အဖြေကိုစောင့်ကြည့်ရပါမယ်။
Ref-Reuters