၁၂.၁၀.၂၀၂၃
Written By Thandar
ယခုအောက်တိုဘာလအတွင်း ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2023 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအနေနဲ့ အိအိမြင့်အောင်သိန်း ဝင်ရောက်ယှဥ်ပြိုင်ဖို့ မြန်မာပြည်ကနေ ဂျပန်နိုင်ငံဆီ အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက စတင်ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
“ပထမ စေလွှတ်မယ့် အလှမယ်တစ်ဦးကတော့ရှိပေမယ့် စာချုပ်တွေ တချို့ရှိနေတာကြောင့် စေလွှတ်ဖို့ပယ်ဖျက်လိုက်ရတာပါ။ လက်ရှိ ပြည်တွင်းပြည်ပ ဘယ် Organization တွေနဲ့မှ စာချုပ်ချုပ်ဆိုထားခြင်း မရှိသူ၊ တရားဝင် သဘောတူညီမှု ရယူထားခြင်းတွေမရှိတဲ့ အလှမယ် မအိအိမြင့်အောင်သိန်းကို ကျွန်တော်တို့က ရွေးချယ်လိုက်တာပါ။ သူကလည်း ငယ်ရွယ်လှပပြီး အရည်အချင်းရှိတဲ့ သူမကို Miss International Myanmar organization အသစ်က တာဝန်ယူစေလွှတ်လိုက်တာ ဖြစ်ပါတယ်”လို့ Miss International Myanmar organization က တာဝန်ရှိသူ ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်ကနေ ၂၆ ရက်အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ၆၁ ကြိမ်မြောက် ကျင်းပမယ့် Miss International 2023 ပြိုင်ပွဲကြီးမှာ ဗီယက်နမ်၊ မလေးရှား၊ ဘရာဇီး၊ ဩစတေးလျ၊ ကိုရီးယား၊ မွန်ဂိုလီးယား၊ နယူးဇီလန်၊ တောင်အာဖရိက၊ ဇင်ဘာဘွေ၊ ပါရာဂွေး၊ ပနားမား၊ ပြင်သစ် အစရှိတဲ့ နိုင်ငံပေါင်းစုံက အလှမယ်တွေနဲ့အတူ ဝင်ရောက်ယှဥ်ပြိုင်မှာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် အိအိအောင်မြင့်သိန်းဟာ ဒီပြိုင်ပွဲကြီးမှာ ပြိုင်ပွဲကာလရက် ၂၀ ကျော်အတွင်းမှာ မွန်ဂိုလီးယား အလှမယ် Javkhlan နဲ့ အခန်းဖော်အဖြစ် နေထိုင်သွားရမှာလည်း ဖြစ်ပါတယ်။
“မြန်မာနိုင်ငံကိုယ်စားပြု Miss International Myanmar အလှမယ် မအိအိမြင့်အောင်သိန်းကို ဝန်းရံပေးကြပါဦး။ ကျွန်တော်တို့ Miss International Organization က မြန်မာနိုင်ငံ အလှမယ်လောက တိုးတက်မြင့်မားရေး၊ အရည်အချင်းပြည့်မီတဲ့ အလှမယ်တွေ ပေါ်ပေါက်လာရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေ ၊ မီဒီယာတွေ အားလုံးကလည်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်”လို့ သူက ဆက်ပြော ပါတယ်။
သူမဟာ အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supermodel World Wide 2022 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး Miss Supermodel Worldwide Asia award နဲ့ Face of the Year award တွေလည်း ဆွတ်ခူးထားသူဖြစ်ပါတယ်။
Miss International ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကနေ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိသာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပြီး Placement ရရှိဖူးခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်က အလှမယ် နန်းခင်ဇေယျာကသာ Miss Internet Award တစ်ခုသာ ရရှိဖူးတာဖြစ်ပါတယ်။