၁၂. ၁၀. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံအတွက်လိုအပ်နေသော နျူကလီးယားအခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကို ဆုံးဖြတ်ခြင်း၊ မြန်မာနိုင်ငံတွင် အသေးစားနျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးစီမံကိန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဦးစားပေးကဏ္ဍများကို သတ်မှတ်ခြင်းများပါဝင်သော နားလည်မှုစာချွန်လွှာကို ရုရှားနှင့် မြန်မာနိုင်ငံတို့လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း World-Nuclear-News သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိန်းကျော်နှင့် ရုရှားနိုင်ငံအခြေစိုက် Rosatom State Nuclear Energy Corporation ၏ ညွှန်ကြားရေးမှူးချုပ် Alexei Likhachev တို့သည် ရုရှားနိုင်ငံတွင် ကျင်းပသည့် Russia Energy Week အစည်းအဝေးနားချိန် အောက်တိုဘာ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှား Rosatom ကုမ္မဏီက” မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင် အခြေခံဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့အကြံပြုချက်၊ စည်းကမ်းများအတိုင်းလုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့ Rosatom ဟာ အကောင်းဆုံး အလေ့အကျင့်အတွေ့အကြုံတွေနဲ့ လုပ်ဆောင်သွားမှာပါ။ ဒီနားလည်မှုစာချွန်လွှာဟာ ရုရှား-မြန်မာ နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်နိုင်ဖို့ အထောက်ကူဖြစ်စေမှာပါ။ ဒီနားလည်မှုစာချွန်လွှာဟာ နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးရေး အစီအစဉ်မှာပါဝင်နေတဲ့ အဖွဲ့အစည်းများဘေးကင်းမှုရှိရေး၊ လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လေ့ကျင်သင်ကြားပေးမှုတွေအတွက်လည်း များစွာအထောက်အကူဖြစ်စေမှာပါ”ဟု ပြော သည်။
ရုရှား နှင့်မြန်မာနိုင်ငံတို့သည် နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် Intergovernmental Agreement ကို ပြီးခဲ့သောဖေဖော်ဝါရီလတွင် လက်မှတ်ရေး ထိုးခဲ့ကြောင်းသိရသည်။ ထို့အပြင် ပြီးခဲ့သောဇွန်လတွင် Intergovernmental Agreement သဘောတူညီမှုအစိတ်အပိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မတီအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။
Ref; world-nuclear-news