၁၂.၁၀.၂၀၂၃
Written By Thandar
အသက် ၉၃ နှစ်အရွယ်ရှိ အငြိမ့်မိခင်ကြီး ရွှေလိပ်ပြာ မအေးကြည် လူကြီးရောဂါနဲ့ ရန်ကုန်မြို့ဆေးရုံမှာ အောက်တိုဘာ ၁၀ ရက်က ကွယ်လွန်ခဲ့တယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက MTNews Entertainment ကို ပြောပါတယ်။
“လူကြီးရောဂါဖြစ်နေတာကတော့ တော်တော်လည်း ကြာပါပြီ မနေ့ကဆုံးတာပါ။ အသက်အရွယ်လည်း ကြီးပြီလေ။ ဒီအသက်အရွယ်ထိနေနိုင်တာ မိသားစုတွေက ပြုစုစောင့်ရှောက်မှုကောင်းလို့ပါ။ တချို့က သက်တမ်း ၇၀ ကျော်လောက်ပဲ နေကြရတာပါ။ ၉၃ နှစ်ဆိုတာ မိသားစုစောင့်ရှောက်မှုကောင်းလို့ပါ။ ဦးတို့ရဲ့ သဘင်ထဲမှာ သဘင်နာယကကြီးတစ်ဦးလည်းဖြစ်တယ်။ သက်ကြီးဝါကြီး ပုဂ္ဂိုလ်ပေါ့။ ဘဘဦး ရွှေနန်းတင်ဆုံးသွားပြီးနောက် အမေဒေါ်ရွှေလိပ်ပြာက အသက်အကြီးဆုံးပဲလေ ”လို့ ဦးနေဝင်းက ပြောပါတယ်။
အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာ မအေးကြည်ရဲ့ နာရေးကို ရန်ကုန်မြို့ ဘောက်ထော်နေအိမ်ကနေ အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီမှာ ကားများထွက်ရှိမှာဖြစ်ပြီး မွန်းလွဲ ၂ နာရီမှာ ထိန်ပင်သုသာန်မှာ သင်္ဂြိုလ်မှာဖြစ်ပါတယ်။
“အသက်အကြီးဆုံးလည်း ဖြစ်တယ်။ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့တဲ့ ပြည်သူ့အသည်းစွဲ အငြိမ့်မင်းသမီးတစ်ဦးဖြစ်တယ်။ သက်ရှင်ထင်ရှားရှိချိန်မှာ အသက် ၉၀ ပတ်ဝန်းကျင်လောက်မှာ ဥက္ကဋ္ဌ ကိုဖိုးချစ်ရဲ့အစီအစဥ်နဲ့ သဘင်လက်ဆင့်ကမ်းအမွေတွေကို ရိုက်ကူးခဲ့တယ်။ ဒီအတွက် အသက်အကြီးဆုံး ဂါရဝထားရတဲ့ သဘင်ရဲ့နာယကကြီးတစ်ဦး ကွယ်လွန်သွားတာ မြန်မာနိုင်ငံ သဘင်အစည်းအရုံးအနေနဲ့ရော ဦးတို့ လူမှုရေးအနေနဲ့ပါ အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ရင်ထဲမှာလည်း ခံစားရပါတယ်”လို့ သူကဆက်ပြောပါတယ်။