◾ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူသည် တော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလ အုပ်ချုပ်ရေးယန္တရားများ၊ ပြည်သူ့ကာကွယ်ရေးတပ်သားများ ဖြစ်နေပါက ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူနိုင်ရန် အားလုံးတွင် တာဝန်ရှိ
၁၂. ၁၀. ၂၀၂၃
Written by Nay Moe
PDF အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို NUG က ဖုံးကွယ်သိုဝှက်ထားတယ်လို့ တော်လှန်ရေးအဖွဲ့အစည်း ၂၀ ကျော်က ဒီနေ့မှာ ပူးတွဲထုတ်ပြန်လိုက်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူဟာ တော်လှန်ရေးအဖွဲ့အစည်းထဲကလူ၊ ကြားကာလ အုပ်ချုပ်ရေးယန္တရားတွေက အဖွဲ့ဝင်နဲ့ PDF တွေဖြစ်နေဦးတော့ ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူနိုင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
ရန်ကုန်တက္ကသိုလ်က CDM တွဲဘက်ပါမောက္ခတစ်ယောက်ရဲ့ငါးနှစ်သမီးကို မုဒိမ်းကျင့်တဲ့ တွံတေး NLD ပါတီအတွင်း ရေးမှူးအောင်မင်းကို NUG က ထိုင်းနိုင်ငံအထိသွားဖမ်းပြီးမှ လွှတ်ပေးတာ၊ ကလေးတွေနဲ့ အမျိုးသမီး ၇ ဦးကို သတ်ဖြတ် မုဒိမ်းကျင့်တဲ့ ချောင်းဦးပကဖ လေးဦးက ခေါင်းဆောင်ကို ထွက်ပြေးတယ်ဆိုပြီးလွှတ်ပေးလိုက်တာ၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ့ မုဒိမ်းကျင့်တာကို ထိထိရောက်ရောက် အရေးမယူတာ၊ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်နိမိတ်အတွင်း အခြေစိုက်ဖွဲ့စည်းထားတဲ့ ဦးရခိုင် (ဧကရာဇ်မုန်တိုင်း) ဦးဆောင်တဲ့ PDF လက်နက်ကိုင်အဖွဲ့ရဲ့ ကာမနှောင့်ယှက်လူသတ်မှု ၂၀ ကျော်ကို ထိထိရောက်ရောက်အရေးမယူတာ၊ ပြည်ထဲရေးဝန်ကြီးတာဝန်ယူထားသူ ဦးလွင်ကိုလတ်ရဲ့ မင်းသမီးတစ်ဦးနဲ့ PDF အမျိုးသမီးနှစ်ဦးကို မယားငယ်အဖြစ်ထားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ထိထိရောက်ရောက်ဖြေရှင်းမှုမရှိတာ၊ ကဗျာဆရာချောသွင်က PDF ထောက်ပို့အမျိုးသမီးတစ်ယောက်ကို ရိုက်နှက်မုဒိမ်းကျင့်တာ၊ နွေဦးတော်လှန်ရေးဆရာတော်က အသက်မပြည့်သေးတဲ့ PDF ထောက်ပို့အမျိုးသမီးငယ်နှစ်ယောက်နဲ့ အခြားအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာအပြင် တခြားသော PDF တွေရဲ့ လိင်ပိုင်းဆိုင်ရာကျုးလွန်စော်ကားမှုတွေကို ထိထိရောက်ရောက်အရေးမယူတာတွေကြောင့် လက်ရှိမှာ ထုတ်ပြန်တောင်းဆိုလာတာဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်း ၂၀ ကျော်က NUG ဖုံးကွယ်ထားတဲ့ မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ထိရောက်တိကျတဲ့ အရေးယူဒဏ်ခတ်မှုပေါ်လာစေရေးအတွက် အကောင်အထည်ဖော်နိုင်ဖို့ စုပေါင်းတောင်းဆိုချက်ဟာ အချက် ၆ ချက်ပါဝင်ပြီး နွေဦးတော်လှန်ရေးခရီးကြမ်း ၂ နှစ်ခွဲကျော်ကာလအတွင်း တော်လှန်ရေးရဲမေစစ်သည်တွေ၊ တက်ကြွလှုပ်ရှားသူတွေ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ အခြားကျူးလွန်ခြင်းခံရသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ အမြတ်ထုတ်တာ၊ မဖွယ်မရာပြုတာနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားတာက နေရာအနှံ့အပြားမှာ တစ်စထက်တစ်စ ခပ်စိပ်စိပ် သိမြင်ကြားသိနေရတယ်လို့ ပြောပါတယ်။
လက်ရှိမှာ “လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ” ကို ရေးဆွဲအတည်ပြုထားပေမဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်မှု အားနည်းချက်ကြောင့် လိင်ပိုင်းဆိုင်ရာကျူး လွန်သူတွေကို အပြစ်ပေးအရေးယူနိုင်တာမရှိတဲ့အပြင် ကျူးလွန်စော်ကားခံရတဲ့ နစ်နာသူတွေကိုလည်း အကာအကွယ်ပေးနိုင်မှု မရှိသေးတာကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။
ဒါတွေကို NUG က အကာအကွယ်ပေးတာ၊ ကျူးလွန်စော်ကားသူတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူတာနဲ့ နောင်မဖြစ်ပေါင် ထိန်းကျောင်းဖို့လိုပေမဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ အခြားလူပုဂ္ဂိုလ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေကို လူမူရေးပြစ်ဒဏ်ပေးတာ (Social Punishment) မရှိသလောက် အားနည်းနေတာကို မြင်တွေ့ရသလို NUG အပါအဝင် အဖွဲ့အစည်းအသီးသီးက လူမှုကွန်ရက်စာမျက်နှာ၊ ပြင်ပပျံ့နှံ့လာတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု/ အမြတ်ထုတ်မှု/ မဖွယ်မရာပြုမှုအပြင် နောက်ထပ်မပျံ့နှံ့သေးတဲ့ အလားတူဖြစ်စဉ်တွေကို ဖုံးကွယ်သိုဝှက်ထားပြီး လျစ် လျူရှုထားတာက မသင့်တော်သလို အကာအကွယ်တွေ၊ စိတ်လုံခြုံမှုတွေ ပေးနိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။
ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို ကျူးလွန်သူဟာ တော်လှန်ရေးအဖွဲ့အစည်းကသော်လည်းကောင်း၊ ကြားကာလ အုပ်ချုပ်ရေးယန္တရားကသော်လည်းကောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သားသော်လည်းကောင်း ဖြစ်နေဦးတော့ ခြွင်းချက်မရှိ တိုက်ရိုက် ထိရောက်စွာ အရေးယူနိုင်ဖို့ သူ့ အဖွဲ့အစည်းသာမက တော်လှန်ရေးအင်အားစုအားလုံးမှာ တာဝန်ရှိသလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခြင်းအမှုတွေနဲ့ ပတ်သက်ပြီး ထိရောက်စွာ အရေးယူမှု ရှိမရှိကို တာဝန်ရှိသူတွေက ပြည်သူ လူထုထံ ချပြဖို့လည်း တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။