၁၂. ၁၀. ၂၀၂၃
Written by Nyein Kyaw
နိုင်ငံတော်၏စီးပွားရေးကို အဓိကထိခိုက်စေသည့် ကုန်သွယ်ရေးလိုငွေပြမှု မဖြစ်ပေါ်စေရေးကို ဦးတည်ဆောင်ရွက်နေသော်လည်း ပြည်သူများ မဖြစ်မနေလိုအပ်သော ဆေးဝါး၊ စားသောက်ကုန်၊ စက်သုံးဆီ၊ စားသုံးဆီ စသည့်ကုန်ပစ္စည်း တင်သွင်းမှုများ ရပ်တန့်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက အောက်တိုဘာ ၁၁ ရက်တွင် ပြုလုပ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၃) အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အထူးသဖြင့် နိုင်ငံတော်၏စီးပွားရေးကို အဓိကထိခိုက်စေသည့် ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit) မဖြစ်ပေါ်စေရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် ပို့ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးဖြင့်သာ အဓိကဆောင်ရွက်နေခြင်းဖြစ်ကြောင်း အထက်ပါအစည်းအဝေးမှ သိရသည်။
ထို့ကြောင့် နိုင်ငံတော်နှင့် အများပြည်သူများအတွက် မဖြစ်မနေလိုအပ်သော ကုန်ပစ္စည်း (Essential Commodity) များဖြစ်သည့် ဆေးနှင့် ဆေးအထောက်အကူပစ္စည်းများ၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းများ၊ စက်သုံးဆီ၊ စားသုံးဆီများ၊ မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်းများ၊ ပလတ်စတစ်ကုန်ကြမ်းများ၊ စက်မှုကုန်ကြမ်းများ၊ အစားအသောက်ကုန်ကြမ်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများနှင့် ပရဆေးကုန်ကြမ်းများကို လိုအပ်ချက်များအပေါ်မူတည်ပြီး လုပ်ငန်းကဏ္ဍနယ်ပယ်များတွင် ရပ် တန့်မှု၊ ဈေးနှုန်းကြီးမြင့်မှုများ မဖြစ်စေရေးအတွက် နည်းလမ်းတကျ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။
ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များဖြစ်သော ကုန်သွယ်စီးပွားလုပ်ငန်းများ ဦးမော့လာစေရေးအတွက် ရေဆိပ်၊ လေဆိပ်များနှင့် နယ်စပ်ကုန်သွယ်မှုစခန်းနေရာများအားလုံးတွင် အဓိကဆောင်ရွက်ရမည့်လုပ်ငန်းများ မှန်ကန်မြန်ဆန်မှုရှိစေရေးအတွက် လေ့လာသုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။
ကုန်သွယ်စီးပွားဆိုင်ရာ တရားဝင်ငွေကြေးစီးဆင်းမှုအတွက် ဘဏ်လုပ်ငန်းများ စနစ်တကျ မှန်ကန်မြန်ဆန်ချောမွေ့စေရန် ဆောင်ရွက်ခြင်း၊ ကုန်သည်လုပ်ငန်းရှင်များ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ကြုံတွေ့နေရသော အခက်အခဲများကို နည်းလမ်းမျိုးစုံဖြင့် သိရှိအောင်ပြုလုပ်ပြီး ကော်မတီအနေနှင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။
ပြည်တွင်း ပြည်ပကုန်သွယ်မှုလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှု အခက်အခဲများ မရှိစေရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် ရက်စွဲပါ အမိန့်အမှတ် (၈၁/၂၀၂၁) ဖြင့် ဖွဲ့စည်းခဲ့သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်တွင် အမိန့်အမှတ်(၉၃/၂၀၂၃)ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကော်မတီဥက္ကဋ္ဌနေရာတွင် ဗိုလ်ချုပ်ကြီးမြထွန်းဦးအား ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးပိုငွေ ဒေါ်လာသန်း ၅၀၀ ဖြစ်ပေါ်စေရန် ဆောင်ရွက်သွားရန် မျှော်ထားသည်။ သို့သော်လည်း လက်ရှိဘဏ္ဍာနှစ်ခြောက်လအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှု ပို၍များနေသဖြင့် ကုန်သွယ်ရေးလိုငွေပြမှု ဒေါ်လာသန်း ၈၁၀ ကျော် ဖြစ်နေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။