၁၂.၁၀.၂၀၂၃
Written by Peya
တရုတ်အမျိုးသားကို ယူလျှင် “ယွမ်ငွေ ၂၀၀၀၀ ရမည်၊ တစ်လသာပေါင်းရမည်၊ မပျော်လျှင် ပြန်ခေါ်ပေးမည်”ဟု ဆိုကာ အမျိုးသမီး ၂ ဦးကို ရောင်းစားရန် စီစဉ်ခဲ့သူအား ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။
ကချင်ပြည်နယ် လွယ်ဂျယ်မြို့နေ ဒေါ်ဖြူဖြူဝင်းသည် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နေ မ—၊ ၁၈ နှစ်နှင့် ကချင် ပြည်နယ် ရွှေကူမြို့နေ ဒေါ်—၊ ၃၃ နှစ်တို့ကို တရုတ်အမျိုးသားယူလျှင် တရုတ်ယွမ်ငွေ ၂၀၀၀၀ ရမည်၊ တစ်လသာ ပေါင်း သင်းရမည်ဖြစ်ပြီး မပျော်ပါက ပြန်ခေါ်ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် အဆင့်ဆင့်လွှဲပြောင်းပို့ဆောင်ကာ ကြွေးမြီဖြင့် နှောင်ဖွဲ့၍ တရုတ်အမျိုးသားများထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် လွယ်ဂျယ်နယ်မြေရဲစခန်းက (ပ)၉/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်၍ ဗန်းမော်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် အောက်တိုဘာ ၁၀ ရက်တွင် တရားခံ ဒေါ်ဖြူဖြူဝင်းကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။