◾ ထိုင်းနိုင်ငံက သေဆုံးသူ ၂၀ နှင့် ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ၁၇ ဦးဖြင့် ဒုတိယအများဆုံးဖြစ်နေ
၁၂.၁၀.၂၀၂၃.
Translated by Htwe Ko Tun
အစ္စရေးနှင့် ဟားမားတို့၏ ပဋိပက္ခအတွင်း ငါးရက်မြောက်ကာလဖြစ်သော အောက်တိုဘာ ၁၁ ရက်အထိ သေဆုံးသူအမေရိကန်နိုင်ငံသား ၂၂ ဦးနှင့် ပျောက်ဆုံးနေသူ ၁၇ ဦးအထိရှိသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၁ ရက်တွင် အတည်ပြုပြောကြားခဲ့ကြသည်။
၎င်းတို့အနက် အများအပြားမှာ နှစ်နိုင်ငံစလုံး၏ နိုင်ငံသားခံယူထားသူများဖြစ်ပြီး အစ္စရေးနိုင်ငံတွင် နေထိုင်နေကြသူများဟုလည်း သိရသည်။ အမေရိကန်အစိုးရအရာရှိများက ပျောက်ဆုံးနေသော အမေရိကန်နိုင်ငံသားများမှာလည်း အသတ်ခံရခြင်းလော (သို့မဟုတ်) ဟားမားစ်တို့က ဓားစာခံအဖြစ် ဖမ်းဆီးသွားခြင်းလော ဆုံးဖြတ်နိုင်ရန် ကြိုးစားနေကြောင်း ပြောခဲ့ကြသည်။ ဟားမားစ်တို့က ဓားစာခံများအဖြစ် လူ ၁၅၀ ဦးခန့်ဖမ်းဆီးသွားသည့်အထဲတွင်မူ အမေရိကန်နိုင်ငံသားအနည်း ငယ်သာပါမည်ဟု ယူဆကြောင်းလည်း ၎င်းတို့ကပြောခဲ့ကြသည်။
အစ္စရေး-ဟားမားစ်စစ်ပွဲအတွင်း ပဉ္စမမြောက်နေ့အထိ နှစ်ဖက်သေဆုံးသူဦးရေမှာ ၂,၃၀၀ ဦးကျော်သွားပြီဖြစ်ကြောင်း နှစ်ဖက်ထုတ်ပြန်ချက်များအရ သိရသည်။ ဟားမားစ်တို့က အစ္စရေးလေတပ်အနေဖြင့် ဂါဇာရှိ ပါလက်စတိုင်းတို့၏အိမ်များကို သတိပေးပြောကြားခြင်းမရှိဘဲ ဗုံးကြဲနေလျှင် ယင်းဓားစာခံများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်လျက်ရှိရာ အစ္စရေးစစ်တပ်အတွက် အကျပ်ရိုက်စေသည့်အချက် ဖြစ်လျက်ရှိသည်။
ထို့ပြင် အစ္စရေး-ဟားမားစ် စစ်ပွဲအတွင်း အမေရိကန်သာမက အခြားသောပြည်ပနိုင်ငံများမှ နိုင်ငံသားများလည်း သေဆုံး (သို့မဟုတ်)ဓားစာခံအဖြစ်ဖမ်းဆီးခံရ (သို့မဟုတ်) ပျောက်ဆုံးနေကြရာ စုစုပေါင်းနိုင်ငံ ၂၃ နိုင်ငံပါဝင်ကြောင်း သိရသည်။ ၎င်းတို့ထဲတွင် အမေရိကန်ပြီးလျှင် ထိုင်းနိုင်ငံသားများစစ်ပွဲအတွင်း သေဆုံးမှုက အများဆုံးဖြစ်ကာ အစ္စရေး-ဟားမားစ် စစ်ပွဲအတွင်း ထိုင်းနိုင်ငံသား ၂၀ သေဆုံး/အသတ်ခံရကာ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ၁၄ ဦးရှိကြောင်းလည်း ထိုင်းအစိုးရက အောက်တိုဘာ ၁၁ ရက်တွင် အတည်ပြုခဲ့သည်။
Ref–Washington Post, Al Jazeera