◾ အရပ်ဝတ်ဖြင့်သွားလာနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို Generation Z Power PDF ပစ်ခတ်၍ ဦးခေါင်းကျည်ထိသေဆုံးမှု မန္တလေးတွင် ထပ်မံဖြစ်ပွား
၁၂. ၁၀. ၂၀၂၃
Written by Nay Moe
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် အမှတ် (၄) နယ်မြေရဲစခန်းမှ ရဲတပ်သား မိုးဆန်းဦးကို Generation Z Power မြို့ပြပြောက်ကျား PDF အဖွဲ့က ပစ်ခတ်၍ ဦးခေါင်းကျည်ထိသေဆုံးခဲ့ကြောင်း Generation Z Power – GZP ( Mandalay) က ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၁၀ ရက်၊ ညနေ ၆ နာရီခွဲအချိန်က အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့(မြောက်ပြင်) ရပ်ကွက်၊ (၉)လမ်းနှင့် (၇၉× ၈၀) လမ်းကြားတွင် အမှတ် (၄) နယ်မြေရဲစခန်းမှ ဆိုင်ကယ်ဖြင့် စခန်းသို့ပြန်လာသည့် ရဲတပ်သား မိုးဆန်းဦးအား ယင်းနောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသည့် Generation Z Power – GZP ( Mandalay) အဖွဲ့မှ PDF ၂ ဦးက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲတပ်သား မိုးဆန်းဦး၏ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။
Generation Z Power အဖွဲ့သည် ယခုလပိုင်းအတွင်း မန္တလေးတွင် ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်နေသည့် PDF အဖွဲ့ဖြစ်ပြီး အောက်တိုဘာ ၇ ရက်ကလည်း တပ်ကြပ်ကြီးတစ်ဦးကို သတ်ဖြတ်ထားသည်။
ထိုဖြစ်စဥ်မှာ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၉ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေစဥ် အသက် ၂၉ နှစ်အရွယ်အမျိုးသမီးနှင့် အသက် ၆၀ ကျော် အမျိုးသမီးကြီးတို့ စီးလာသည့် CZI အနက်ရောင်ဆိုင်ကယ်တစ်စီးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအရှေ့တွင် ဆိုင်ကယ်ချိန်းကြိုးကျသွားခဲ့သဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီး အဆင့်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသည် ကူညီဆောင်ရွက်ပေးနေခဲ့သည်။
ထိုစဥ် အနောက်မှ အရှေ့သို့မောင်းနှင်လာသော ရုပ်ဆိုးဆိုင်ကယ်အနက်ရောင်ဖြင့် Generation Z Power အဖွဲ့ဝင် ၂ ဦးက သေနက်အတိုဖြင့် ၁ ချက်ပစ်ခတ်ခဲ့ရာ ၎င်းလုံခြုံရေးတပ်ဖွဲ့ဝင်၏ ဦးခေါင်းနောက်စေ့ကို ကျည်ဖောက်ဝင်သွားသောဒဏ်ရာရရှိခဲ့သည့်အတွက် ဒဏ်ရာရရှိသူအား မဏိမေခလာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် နန်းတွင်းတပ်ဆေးရုံသို့ ပို့ဆောင်စဥ် ပစ်ခတ်ခံရသည့်တပ်ကြပ်ကြီးမှာ သေဆုံးသွားခဲ့သည်။