MT News
၁၁. ၁၀. ၂၀၂၃
မွန်ပြည်နယ် ရေးမြို့အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရေးဘီလူးအဖွဲ့က လုပ်ကြံပစ်ခတ်၍ ဆေးကုသမှူခံယူနေရသည်ဟု သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်မေတ္တာရပ်ကွက်၊ ရေး-အစင်သွားကားလမ်းဘေးရှိ “ခိုင်ခန့်”ပရိဘောဂဆိုင်ရှေ့၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအေးလွင်(၅၅)နှစ်သည် ရေး-အစင်သွားကားလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ်“ခိုင်ခန့်”ပရိဘောဂဆိုင်ရှေ့ အရောက် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် ရေးဘီလူး PDF အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအေးလွင်တွင် ကျောကုန်း/ဝမ်းဗိုက်တို့ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရေးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။
ထိုဖြစ်စဥ်အပေါ် ရေးဘီလူး PDF အဖွဲ့ခေါင်းဆောင် ရေးဘီလူးက ဦးအေးလွင် (ခ) ကိုလတ်မှာ ပျုစောထီးခေါင်းဆောင်ဖြစ် ကြောင်း၊ ဦးအေးလွင်ကို ပစ်ခတ်ရာတွင် ၉ မမ ပစ္စတိုအသုံးပြု၍ သုံးချက်ပစ်ခတ်ခဲ့ကြောင်း၊ ဆေးရုံတင်ပို့ထားရပြီး သေဆုံးမှုရှိမရှိ မသိရသေးကြောင်း Live လွှင့်ထားသည်။
ရေးဘီလူးအဖွဲ့သည့် ပြီးခဲ့သော စက်တင်ဘာ ၁၈ ရက်ကလည်း ရေးမြို့လယ်တွင် ရဲအုပ်မြင့်လွင်ကို သတ်ဖြတ်ထားပြီး စက်တင်ဘာ ၂၆ ရက်ကလည်း ရေးမြို့လယ်ရှိ မြဝတီဘဏ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၍ လခရတစ်ဦးသေဆုံးကာ အရပ်သားတစ်ဦး ဒဏ်ရာရမှုဖြစ်အောင်လည်း တိုက်ခိုက်ထားသည်။ ထို့ပြင် စက်တင်ဘာ ၃၀ ရက် နေ့လည် ၁၂ နာရီကျော်တွင် ရေးမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာ အုပ်စု၊ စိန်ကြီးကျေးရွာနေ ဦးစိုးအောင်သည် အဖော် ၂ ဦးနှင့်အတူ လိုက်ထရပ်ကားဖြင့် ကျောင်းရွာကျေးရွာမှ သင်္ဃန်းကျွန်းကျေးရွာသို့ ပြန်လာစဉ် ကျောက်မိချောင်း(တောင်) ကျေးရွာအနီးတွင် ရေးဘီလူး PDF ၅ ဦးက ဦးစိုးအောင်တို့ သုံးဦးကို ခမရ ၅၉၁ မှ ဒုတပ်ရင်းမှူးအဖွဲ့ဟုဆိုကာ ပစ်ခတ်ရာမှ ဦးစိုးအောင်သေဆုံးမှုလည်း ဖြစ်ပွားထားသည်။