MT News
၁၁. ၁၀. ၂၀၂၃
မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လူငယ် ၄ ဦးထံမှ ငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် ပစ္စတိုသေနတ် ၁ လက် ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၅ ရက် ည ၇ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၃ x ၅၄ ကြားတွင် စိုင်းဆိုင်လှိုင်း မောင်းနှင်ပြီး ဖြိုးငြိမ်းကျော် လိုက်ပါလာသည့် SUZUKI SWIFT မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၁၇၀၀ ပြား၊ ကက်တမင်း ၂ ဒသမ ၅၅ ကီလိုနှင့် Happy Water ၃၀ ဂရမ် သ်ိမ်းဆည်းရမိခဲ့သည်။
တရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ည ၈ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်ရှိ ဖြိုးငြိမ်းကျော် ငှားရမ်းနေထိုင်သည့် နေအိမ်မှ အက်တက်စီဆေးပြား ၆၀ ပြား၊ Happy Water ၂၂၅ ဂရမ်နှင့် ကက်တမင်း ၁၀၇ ဒသမ ၅ ဂရမ်အား လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် လွင်ထူးအောင်အား အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၂)အနီးတွင် JETOUR X 70 မော်တော်ယာဉ် ၁ စီး၊ ကက်တမင်း ၇ ဒသမ ၄၀၅ ကီလို၊ Happy Water ၈၀၀ ဂရမ်၊ အက်တက်စီဆေးပြား ၂ ပြား၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပြောင်းပို ၁ ခု၊ အသံတိတ်ပြောင်းပို ၁ ခု၊ မြန်မာငွေကျပ် ၁၀ သိန်းနှင့်အတူ ဖမ်းမိခဲ့သည်။
ထို့အပြင် တရားခံတစ်ဦးဖြစ်သော အိုက်ကွမ်း(ခ) စိုင်းကွမ်းခမ်းအား ယင်းနေ့ ညနေ ၃ နာရီခွဲအချိန် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဟိုဆောင်နယ်မြေရှိ ၎င်း၏ နေအိမ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ ကက်တမင်း ၁၀ ဒသမ ၀၆၂၅ ကီလို၊ Happy Water ၁ ဒသမ ၅၅ ကီလိုနှင့် အက်တက်စီဆေးပြား ၁၇၆၂ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းမိတရားခံ ၄ ဦးကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင် ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။