MT News
Written by Nay Moe
နမ့်ခမ်းမြို့မှာ မူကြိုကျောင်းနေအရွယ် ကလေးငယ် ၁ ဦးကို ပြန်ပေးဆွဲခဲ့တဲ့ အမျိုးသမီးတစ်ဦးပါ အဖွဲ့ကို PSLF/TNLA က ပစ်ခတ် ဖမ်းဆီးခဲ့ရာမှာ ၁ ဦးသေဆုံးပြီး ၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ TNLA က ပြောပါတယ်။
ဖြစ်စဥ်ဟာ အောက်တိုဘာ ၉ ရက် မနက် ၉ နာရီခွဲအချိန် နမ့်ခမ်းမြို့အတွင်း မိခင်ဖြစ်သူ ကလေးငယ်ကို မူကြိုကျောင်း သွားပို့ချိန် လမ်းခုလတ်မှာ ပြန်ပေးဆွဲတဲ့အဖွဲ့က ကား ၂ စီးနဲ့ ရောက်ရှိလာပြီး ကလေးငယ်ကို လုယူပြန်ပေးဆွဲသွားခဲ့တာပါ။ ဒါကြောင့် PSLF/TNLA က ပိတ်ဆို့ဖမ်းဆီးရာမှာ ပြန်ပေးအဖွဲ့က သေနတ်နဲ့ အရင်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြန်ပေး ၁ ဦး သေဆုံးခဲ့သလို အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ကလေးငယ်ကို မိဘအုပ်ထိန်းသူထံ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့တာပါ။
ပြန်ပေးဆွဲအဖွဲ့ဟာ တရုတ်နိုင်ငံသားတွေလို့ သိရပြီး သူတို့ဆီက Glock ပစ္စတိုသေနတ်(၂)လက်၊ Crown ကား(၂)စီး၊ ဖုန်း ၃ လုံး၊ မြန်မာငွေ သိန်း ၂၀ ကျပ်၊ တရုတ်ငွေ ၂၄၀ ယွမ်၊ မြန်မာနိုင်ငံသားမှတ်ပုံတင် ၃ ခုနဲ့ တရုတ်နိုင်ငံ ဝင်ခွင့်ဗီဇာကတ် ၂ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။