MT News
Written by Nay Aung
ထိုင်းရဲတပ်ဖွဲ့သည် ချင်းမိုင်ပြည်နယ် Rong Wua Daeng အရပ်ဒေသတွင် အခြားသူများကို ဓားများ၊ တုတ်များဖြင့် လိုက် လံတိုက်ခိုက်နေသော မြန်မာလူငယ်များဖြင့်ဖွဲ့စည်းထားသည့် လူမိုက်ဂိုဏ်း၏အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ရဲဗိုလ်ချုပ်တာဝါချိုင်းက အောက်တိုဘာ ၁၁ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ရှမ်းလူငယ်များဖွဲ့စည်းထားသော “Chiang Mai short-legged gangster” ဂိုဏ်းသည် ပြီးခဲ့သောသီတင်းပတ်က Rong Wua Daeng အရပ်ဒေသတွင်အခြားသူများကို ဓားများဖြင့် အုပ်စုလိုက် ရန်ပြုလိုက်လံတိုက်ခိုက်ခဲ့သလို ကားများကိုလည်း တိုက်ခိုက်ခဲ့ကြောင်း၊ မကြာသေးမီကလည်း အသက် ၃၉ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား Mr. Chatri Suyawong ဆိုသူသည် အဆိုပါမြန်မာလူငယ်လူမိုက်ဂိုဏ်း၏ ဓားဖြင့်တိုက်ခိုက်ခြင်းခံရကာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် လူမိုက်ဂိုဏ်း၌ အဖွဲ့ဝင်အဖြစ်ပါဝင်နေသူ ၆ ဦးကို ဆိုင်ကယ်လေးစီး၊ ဓားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများသည် ရှမ်းလူငယ်များဖြစ်ကာ ၎င်းတို့ကို နိုင်ငံကူးလက်မှတ်စစ်ဆေးခြင်းများလုပ်ဆောင်နေပြီး နိုင်ငံကူးလက်မှတ်ပြန်ရုတ်သိမ်းရန် သင့်မသင့်ဆိုသောအချက်ကို စဉ်းစားနေသည့်အပြင် မိခင်နိုင်ငံကို ပြန်ပို့ဖွယ်ရှိနေကြောင်း ပြောသည်။
ထိုင်းရဲဗိုလ်ချုပ်တာဝါချိုင်း၏အဆိုအရ “Chiang Mai short-legged gangster”အမည်ရှိ လူမိုက်ဂိုဏ်းကို လူငယ်များဖြင့် ဖွဲ့စည်းထားပြီး ရှမ်းလူငယ်များအများစုပါဝင်နေကြောင်း၊ အဆိုပါ ရှမ်းလူငယ်များ၏ လူမိုက်ဂိုဏ်းတွင် အဖွဲ့ဝင် ၂၀ ဦးပါဝင်နေပြီး ဖမ်းဆီးရမိသူ ၆ ဦးသည် အသက် ၁၉ နှစ်နှင့်အသက် ၂၃ နှစ်ကြားအရွယ်များဖြစ်ကြောင်း သိရသည်။
အဆိုပါလူမိုက်ဂိုဏ်းသည် ရှမ်းလူငယ်အုပ်စုဖြစ်သော “Bua Dam Group” အုပ်စုနှင့် မဟာမိတ်ဖွဲ့စည်းထားကြောင်း၊ လူမိုက်ဂိုဏ်းဝင်များသည် တစ်ဦးနှင့်တစ်ဦး အတူမနေသလို တစ်နေရာတည်းတွင် အလုပ်အတူမလုပ်ကြကြောင်း ထိုင်းရဲဗိုလ်ချုပ်က ပြောသည်။
ထိုင်းရဲဗိုလ်ချုပ်က “အဲဒီ လူမိုက်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေဟာ အခြားသူတစ်ဦးကို ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိအောင် ပူးပေါင်းလုပ်ဆောင်ကြတယ်။ လူမြင်ကွင်းမှာလည်းအကြောင်းပြချက်မရှိဘဲ ဓားတွေ အတူတကွကိုင်ဆောင်ပြီး သွားလာကြတယ်။ အခြားသူကို ရန်ပြုတိုက်ခိုက်တာမျိုးတွေလုပ်ခဲ့တယ်” ဟုပြောသည်။
အခြားသူကို တိုက်ခိုက်ချိန်မှသာ လူမိုက်ဂိုဏ်းဝင်များ ချိတ်ဆက်ကာ ပူးပေါင်းပါဝင်တိုက်ခိုက်ခြင်းမျိုးဖြစ်ကြောင်း သိရသည်။
Ref; thailand dailynews