ယခုနှစ်ကုန်တွင် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများတည်ဆောက်မည့် နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ရန် နှစ်နိုင်ငံမျှော်လင့်
MT News
မြန်မာအစိုးရအနေဖြင့် ၎င်းတို့ပိုင်နက်နယ်မြေများအတွင်း စွမ်းဆောင်ရည်မတူညီသော နျူကလီးယားစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် စီစဉ်နေကြောင်း ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Rosatom ၏ အကြီးအကဲဖြစ်သူ Alexei Likhachev က ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင်အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးများ ပိုမိုကောင်းမွန်လာခဲ့ပြီးနောက် မြန်မာအစိုးရသည် ရုရှားအစိုးရအကူညီဖြင့် နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်။ လက်ရှိအချိန်တွင် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန်အတွက် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်နေဆဲဖြစ်ပြီး ယခုနှစ်အကုန်တွင် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန်အတွက် နားလည်မှုစာချွန်လွှာများ အပြန်အလှန်လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ထားကြောင်း Rosatom ၏ အကြီးအကဲဖြစ်သူက ပြောသည်။
မြန်မာလျှပ်စစ်စွမ်းအင်ဝန်ကြီးဖြစ်သူ ဦးသောင်းဟန်က မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ပိုမိုကောင်းမွန်စေရန်အတွက် နိုင်ငံအတွင်းတွင် နျူကလီးယားစွမ်းအင်သုံးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ထားကြောင်း ရုရှားနိုင်ငံတွင် ကျင်းပခဲ့သော SPIEF အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့ဖူးသည်။
မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်သုံးခုသည် နျူကလီးယားနည်းပညာကဏ္ဍမြင့်မားရေးအတွက်အပြန်အလှန် ဖလှယ်မှုများနှင့် မြှင့်တင်ဆောင်ရွက်ရန်အတွက် ရုရှားနိုင်ငံအခြေစိုက် National Research Nuclear University MEPhI တက္ကသိုလ်နှင့် ပြီးခဲ့သော ရက်ပိုင်းတွင် နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဏုမြူစွမ်းအင်၊ နျူကလီးယားနည်းပညာဘာသာရပ်များအပါအဝင် သိပ္ပံနည်းပညာနှင့် အင်ဂျင်နီယာ ဘာသာရပ်များတွင် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်အကျိုးပြု စွမ်းအားစုများအဖြစ် အရည်အသွေးပြည့်မီသော နည်းပညာရှင်များကို မွေးထုတ်ရေးနှင့် ပြည်သူ့အကျိုးပြု သုတေသနများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရုရှားတက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိနည်းပညာတက္ကသိုလ်သုံးခုကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Ref; bigasia.ru