MT News
Written by Nyein Kyaw
မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များ သုံးရက်ဆက်တိုက် ဖျက်သိမ်းခဲ့ရပြီး ပဲခူးလမ်းပိုင်းတွင် ရထားလမ်းရေကျဆင်းမှုမရှိသောကြောင့် ခရီးစဉ်အား ဆက်လက်ဖျက်သိမ်းထားမည်ဖြစ်၍ ဝယ်ယူထားသော လက်မှတ်များအား ငွေများပြန်အမ်းပေးသွားသွားမည်ကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ထားသည်။
အောက်တိုဘာ ၅ ရက်မှ ၈ ရက်အထိ ပဲခူးတိုင်းဒေသကြီးအတွင်း ၅၉ နှစ်တွင်း အမြင့်ဆုံး မိုးရေချိန်ဖြင့် ပဲခူးမြစ် ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေး ရထားလိုင်းပိုင်းနှင့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတို့တွင် ရထားလမ်းများ ရေကျော်နေသဖြင့် လူစီးရထားခရီးစဉ်များအောက်တိုဘာ ၈ ရက်မှစ၍ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။
ထို့အတွက် အောက်တိုဘာ ၉ ရက်တွင် မော်လမြိုင်ဘူတာမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန်ရထားနှင့် ရန်ကုန်ဘူတာမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ရသည်။ ထို့ အတူ အောက်တိုဘာ ၁၀ ရက်တွင်လည်း ထပ်မံဖျက်သိမ်းခဲ့ရပြီး အောက်တိုဘာ ၁၁ ရက်(ယနေ့)တွင်လည်း ပဲခူးလမ်းပိုင်းအတွင်း ရထားလမ်းရေကျဆင်းခြင်း မရှိသေးသဖြင့် ထပ်မံဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် မော်လမြိုင်ရထားခရီးစဉ်များအား ယာယီဖျက်သိမ်းထားဦးမည်ဖြစ်ဖြစ်ပြီး ၎င်းနေ့အတွက် ဝယ်ယူထားသော လက်မှတ်များအား မော်လမြိုင်ဘူတာကြီးနေ့ချင်း လက်မှတ်ရုံတွင် နံနက် ၇ နာရီမှ ၁၀ နာရီအထိ ငွေများ ပြန်အမ်းပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ရန်ကုန်-မော်လမြိုင်-ရန်ကုန် လမ်းပိုင်းအတွင်း အမှတ် ၈၁ အဆန်/အမှတ် ၈၂ အစုန်နှင့် အမှတ် ၈၉ အဆန်/အမှတ် ၉၀ အစုန်ရထား စုစုပေါင်း ၄ စီး ပြေးဆွဲပေးနေခြင်းဖြစ်သည်။ သို့သော် မိုးတွင်းကာလဖြစ်၍ ခရီးသည်စီးနင်းမှု လျော့နည်းလာသဖြင့် အမှတ် ၈၉ အဆန်/အမှတ် ၉၀ အစုန်ရထားအား စက်တင်ဘာလ ၁၁ ရက်တွင် ယာယီဖျက်သိမ်းခဲ့ပြီး အမှတ် ၈၁ အဆန်/အမှတ် ၈၂ အစုန်ရထား ၂ စီးဖြင့်သာ နေ့စဉ်ပေးဆွဲနေခြင်းဖြစ်သည်။
လက်ရှိတွင် ရန်ကုန်-မော်လမြိုင် ခရီးစဉ်အတွက် အမှတ် ၈၁ အဆန်/အမှတ် ၈၂ အစုန် ရထားတွဲဆိုင်းအား လေအိတ်ရထားတွဲဆိုင်းနှင့် ရိုးရိုး (AAR) တွဲဆိုင်းတို့ဖြင့် တစ်ရက်စီ အလှည့်၍ ပြေးဆွဲပေးနေခြင်းဖြစ်သည်။
ဓာတ်ပုံ- မော်လမြိုင်ဘူတာကြီး