၁၁. ၁၀. ၂၀၂၃
Written by Pan Ei
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး အက်ရှင်ရုပ်ရှင်ကြယ်ပွင့်နဲ့ ကာယဗလသမားတစ်ဦး ဖြစ်ခဲ့တဲ့ မင်းသားကြီး အာနိုး (Arnold Schwarzenegger) ဟာ သူ့ရဲ့ ခန္ဓာကိုယ် အားအင်အပြည့်ရှိတယ်လို့ ခံစားခဲ့ရတဲ့ အချိန်တွေကို သတိရမိကြောင်း အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပြီး အသက်အရွယ် ကြီးမြင့်လာမှုနဲ့ ပတ်သက်ပြီး သူရဲ့ အမြင်တွေကို ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး တစ်ချိန်က နာမည်ကြီး Terminator ရုပ်ရှင်တွေရဲ့ ဇာတ်လိုက်တစ်ယောက်ဖြစ်ခဲ့တဲ့ မင်းသားကြီး အာနိုးကတော့ မကြာသေးမီက SiriusXM ရဲ့ “The Howard Stern” ရှိုးမှာ ပါဝင်ခဲ့ပြီး သူဟာ အသက်အရွယ်ကြီးရင့်မှုနဲ့ ပတ်သက်ပြီး ဟာသလုပ်ပြီးပဲ နေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မင်းသားကြီးအာနိုးက ” ငါ့ခန္ဓာကိုယ်ကိုကြည့်လိုက်ပါ။ အရင်ကတော့ တကယ့်ကိုတောင့်တင်းပြီး အားကောင်းတဲ့ ကြွက်သားတွေရှိခဲ့တာ။ ခုတော့ လျော့တွဲကျကုန်ပြီ”လို့ ပြောကြားခဲ့ပါတယ်။
“Terminator” ကြယ်ပွင့် မင်းသားကြီးက ငယ်ငယ်တုန်းက သူ့မှာဘာတွေရှိခဲ့တယ်ဆိုတာ သိတယ်လို့ပြောကြားခဲ့ပြီး “ဒီခန္ဓာကိုယ်ကြီးက နှစ်ပေါင်းများစွာ ချီးမြှောက်ခံခဲ့ရပြီးနောက်နှစ်ပေါင်း ၅၀ လောက်ကြာတော့ ဒါတွေကို မမြင်ရတော့ဘူး”လို့ အသက်ကြီးလာတဲ့အပေါ် သူ ခံစားရတဲ့အကြောင်းကို ဝေမျှခဲ့တာပါ။
မင်းသားကြီး အာနိုးဟာ သူ့ရဲ့စာအုပ်အသစ် “Be Useful” အတွက်လည်း ကြော်ငြာခဲ့ပြီး အဲ့ဒီစာအုပ်ထဲမှာ သူ့ဘဝအောင်မြင်ဖို့ အသုံးပြုခဲ့တဲ့နည်းလမ်းတွေ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် “ကလေးငယ်တွေကို အခက်အခဲတွေ ခံစားတတ်အောင်၊ အပြင်ထွက်ပြီး အားကစားလုပ်တတ်အောင်၊ ကျောင်းသွားတတ်အောင်၊ ရုန်းကန်တတ်ဖို့နဲ့ ဒီလိုနာကျင်တဲ့အခိုက်အတန့်တွေကို တစ်ခါတစ်ရံမှာ ဖြတ်သန်းတတ်ဖို့ ကလေးတွေကို သင်ပေးရမယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
Ref; CNN