၁၁. ၁၀. ၂၀၂၃
Written By Thandar
ကိုနန္ဒခထောပတ်ထမင်း ၄ နှစ်မြောက် အထိမ်းအမှတ် ကုသိုလ်အလှူနဲ့ ဇနီးဖြစ်သူ နန်းထိုက်အောင်ရဲ့ မွေးနေ့အလှူကို အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းမှာ ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် သင်း၀င်လမ်းရှိ ကန်ဦးကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
“အခုလိုမျိုး ဘုန်းဘုန်းတို့ ကျောင်းတိုက်ကို လာရောက်လှူဒါန်းပေးတဲ့ ဒါယကာကြီး ညီနန္ဒမိသားစုလည်း ဆတက်ထမ်းပိုး အောင်မြင်မှုတွေ ရပါစေလို့ ဘုန်းဘုန်းက ဆုတောင်းပေးပါတယ်။ ဒီရပ်ကွက်လေးမှာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုလေးတွေရှိတော့ အခုလိုမျိုး လာလှူဒါန်းပေးတဲ့ အချိန်တိုင်း ဘယ်ချိန်ဖြစ်ဖြစ် သူတို့ကလည်း အမြဲ လာစားကြတယ်။ အလှူရှင်တွေလည်း ပီတိဖြစ်ရသလို ဘုန်းဘုန်းတို့လည်း ပီတိဖြစ်မိပါတယ် ” လို့ ကန်ဦးကျောင်းတိုက်က ဆရာတော် ဦးပညာဇောတ က မိန့်ကြားပါတယ်။
ကုသိုလ်အလှူအနေနဲ့ သရုပ်ဆောင် ညီနန္ဒနဲ့ ဇနီး နန်းထိုက်အောင်တို့ရဲ့သမီးလေး စနိုးကြည်ဖြူ မိသားစုက မြောက်ဒဂုံမြို့ နယ် ၃၃ ရပ်ကွက်နေ ပြည်သူတွေကို ကြက်သားထောပတ်ထမင်းပွဲ ၆၀၀ ကိုလည်း ကျွေးမွေး လှူဒါန်းခဲ့ပါတယ်။
“ကျွန်မတို့ဆီကို ခုလိုလာရောက်လှူဒါန်းလို့လည်း ဝမ်းသာတယ်။ ကျွန်မ သုံးပန်ကန်စားခဲ့တယ်။ စားလို့လည်း ကောင်းပါတယ်။ မိသားစုတော့ ၅ ယောက်ရှိတာဆိုတော့ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ မိသားစုလိုက် စားရတော့ ကျေနပ်မိပါတယ်။ ကိုညီနန္ဒတို့ မိသားစု ကျန်းမာကြပါစေ။ ဒီထက်မကအောင်မြင်ပါစေ။ အများကြီး ထပ်လှူဒါန်းပါစေလို့ ဆုတောင်းပါတယ်”လို့ အလှူလာသူတစ်ဦးက ပြောပါတယ်။