◾ အဆိုပါဖြစ်စဉ်အား တရုတ်နိုင်ငံရဲတပ်ဖွဲ့ကလည်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဟု ပြော
၁၁. ၁၀. ၂၀၂၃
Written by Zaw Moe
ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် KIA အဖွဲ့မှ သိုလှောင်ထားသည့် အမိုနီယမ်နိုက်ထရိတ်(ယမ်း) ၁၀၅ တန်ခန့်နှင့် အခြားပေါက်ကွဲစေတက်သောပစ္စည်းများ မတော်တဆမှုကြောင့် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဘက်မှလည်း စုံစမ်းစစ်ဆေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ထုတ်ပြန်ခဲ့သည်။
ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်တွင် အောက်တိုဘာ ၉ ရက် ညပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် KIA အဖွဲ့ဝင်နှင့် မိသားစုအချို့ ထိခိုက်သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အချို့မီဒီယာများမှ တပ်မတော်အပေါ် ဝေဖန်တိုက်ခိုက်လိုသည့်သဘောဖြင့် တပ်မတော်မှလေကြာင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်လည်းကောင်း၊ အချို့မီဒီယာများကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့်လည်းကောင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု မဟုတ်မမှန်စွပ်စွဲပြောဆိုရေးသားလျက်ရှိသည်။
အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ မြေပြင်သတင်းများဖော်ထုတ်ချက်များ၊ အမာခံသတင်းပေးများ၏ သတင်းပို့ချက်များအရ မုန်လိုင်ချက်အနီး KIA သင်တန်းကျောင်းရှိ အမိုနီယမ်နိုက်ထရိတ်(ယမ်း) သိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအမိုနီယမ်နိုက်ထရိတ်(ယမ်း)များမှာ KIA အဖွဲ့မှ ခေါင်းဆောင်များနှင့် ဒေါ်အားလီ (အားလီကျဲ)တို့ ပိုင်ဆိုင်ကြောင်း၊ ၎င်းဂိုဒေါင်အတွင်း အမိုနီယမ်နိုက်ထရိတ်(ယမ်း) ၁၀၅ တန်ခန့်နှင့် အခြားပေါက်ကွဲစေတက်သော ပစ္စည်းများ သိုလှောင်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၉ ရက် ညနက်ပိုင်းတွင် မတော်တဆမှုတစ်ခုခုကြောင့် ရုတ်တရက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲသည့် အကြောင်းအရင်းအား စုံစမ်းဆဲဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနယ်စပ်ဂိတ်တွင်လည်း တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များက အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၉ ရက် ည ၁၁ နာရီကျော်အချိန်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်းနှင့် အောက်တိုဘာလ ၁၀ နံနက် ၁ နာရီတွင် လိုင်ဇာရှိ အရပ်သားပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများနေထိုင်ရာ မုန်လိုင်ချက် စစ်ဘေးရှောင်းစခန်းသို့ ကျရောက်ပြီး ကလေးငယ် ၁၃ ဦး အမျိုးသမီးများအပါအဝင် ပြည်သူ ၂၉ ဦး သေဆုံးကြောင်း ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်စဥ်အပေါ် SAC က ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
အလားတူ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် လိုင်စင်ပို့စ်အနီး ခဲယမ်းသိုလှောင်ရုံတွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၁ ရက်တွင် လိုင်ဇာဒေသ၊ ဂျာထူဂေါင်ရှိ မိုင်းစက်ရုံ၌ အကြောင်းအမျိုးမျိုးကြောင့် ခဲယမ်းနှင့်မိုင်းများ အကြီးအကျယ်ပေါက်ကွဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး KIA အဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်သေကြေဒဏ်ရာရရှိခဲ့ကြောင်း Social Media များမှတစ်ဆင့် တွေ့မြင်သိရှိကြပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တပ်မတော်အနေဖြင့် လက်တွေ့ကျသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။
ထို့ပြင် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိပြီး မကြာမီကာလတွင်လည်း NCA (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ကို အနှစ်သာရရှိရှိကျင်းပနိုင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း တက်ရောက်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယနေ့အထိ ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။