October 18, 2024

ရန်ကုန်ဝါးတန်းဆိပ်ကမ်းသို့ပို့ဆောင်ရောင်းချမည့် ဆန်အိတ်များအား တွေ့ရစဉ်

MT News

Written By A Thaung

စိုက်ဧကနည်းပါးခြင်းနှင့် စပါးအထွက်နှုန်းလျော့ကျလာခြင်းများကြောင့် ယခုနှစ်စပါးတင်းတစ်ရာဈေးနှုန်းမှာ ဆန်စပါးသမိုင်းတလျောက် စံချိန်တင်ခဲ့သည့်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း ကုန်သည်နှင့်စက်ပိုင်လုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရသည်။

ပြည်တွင်းစားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်းစပါးတင်းတစ်ရာလျှင် ကျပ် ၂၅ သိန်းအထိရှိနေပြီး ဧရာဝတီတောင်ပျံပေါ်ဆန်းစပါး တင်းတစ်ရာလျှင် ကျပ်သိန်း ၂၀ အထိ အရောင်းအဝယ်ဖြစ်နေကာ export (ဆန်ကြမ်း)စပါးတင်းတစ်ရာလျှင် ကျပ် ၁၃ သိန်းအထိ စံချိန်တင်ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ အမှုဆောင်ကော်မတီဝင်တစ်ဦးက MT News သို့ပြောသည်။

“ဧရာဝတီတောင်ပျံကတော့ သက်ကြီးစပါးဆိုတော့ အခုမထွက်သေးဘူး။ ရွှေဘိုကတော့ ထွက်နေပြီလေ။ ဒါပေမယ့် စပါးတင်းတစ်ရာဈေးတွေကတော့ ဒီဘက်ခေတ်ပိုင်းမှာတော့ စံချိန်တင်ပြီး အမြင့်ဆုံးဖြစ်သွားတဲ့ ဈေးပဲ။ စပါးဈေးက မနှစ်ကနဲ့ ဘာမှမဆိုင်တော့ဘူး။ အရင်နှစ်တွေနဲ့လည်း မတရားကိုဟနေတာ။ စပါးဈေးကလည်း ဒီလောက်ဖြစ်နေမှတော့ ဆန်တစ်အိတ်ဆိုလည်း တစ်သိန်းပတ်လည်လောက်ဖြစ်သွားတာပေါ့နော်” ဟု ၎င်းကပြောသည်။

စပါးတင်းတစ်ရာဈေးနှုန်း စံချိန်တင်ဈေးနှုန်းအထိဖြစ်နေသော်လည်း သွင်းအားစုများဖြစ်သည့် ဓါတ်မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်းမြင့်တက်နေမှုများကြောင့် တောင်သူများ အကျိုးအမြတ်ကောင်းမည်မဟုတ်ကြောင်း ဖျာပုံမြို့နယ်မှ တောင်သူတစ်ဦးကပြောသည်။

“ဈေးကောင်းတော့လာပေးနေကြတယ်။ ဒီဈေးနဲ့ရောင်းလည်း လယ်သမားက လည်ထွက်နေတာပဲ။ ဒါ့ကြောင့် မရောင်းသေးဘူး” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်နှစ်က Export (ဆန်ကြမ်း)စပါး တင်းတစ်ရာလျှင် ကျပ် ၁၀ သိန်း ဝန်းကျင်သာရှိခဲ့ပြီး ရွှေဘိုပေါ်ဆန်းစပါးတင်းတစ်ရာလျှင် ကျပ် သိန်း ၂၀ ဝန်းကျင်အထိသာရှိခဲ့ကာ ဧရာဝတီတောင်ပျံစပါး တင်းတစ်ရာလျှင် ကျပ် ၁၅ သိန်းအထိသာရှိခဲ့ကြောင်း စက်ပိုင်နှင့် ကုန်သည်အသိုင်းအဝိုင်းကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *