၇. ၁၀. ၂၀၂၃
Written by Min Mahar
မန္တလေးမြို့ရှိ အောင်မြေသာစံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအရှေ့တွင် ဆိုင်ကယ်ချိန်းကြိုးကျနေသည့် လမ်းသွားလမ်းလာအမျိုးသမီး ၂ ဦးအား ကူညီပေးနေသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို အမည်မသိအမျိုးသား ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားမှု ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့နေပြည်သူများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၇ ရက်)မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၉ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေစဥ် အသက် ၂၉ နှစ်အရွယ်အမျိုးသမီးနှင့် အသက် ၆၀ ကျော် အမျိုးသမီးကြီးတို့ စီးလာသည့် CZI အနက်ရောင်ဆိုင်ကယ်တစ်စီးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအရှေ့တွင် ဆိုင်ကယ်ချိန်းကြိုးကျသွားခဲ့သဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီး အဆင့်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသည် ကူညီဆောင်ရွက်ပေးနေစဥ် အနောက်မှ အရှေ့သို့ ရုပ်ဆိုးဆိုင်ကယ်အနက်ရောင်ဖြင့် အမျိုးသားလူငယ် ၂ ဦး ရောက်ရှိခဲ့ပြီး သေနက်အတို ဖြင့် ၁ ချက်ပစ်ခတ်ခဲ့ရာ ၎င်းလုံခြုံရေးတပ်ဖွဲ့ဝင်၏ ဦးခေါင်းနောက်စေ့ကို ကျည်ဖောက်ဝင်သွားသောဒဏ်ရရှိခဲ့သည့်အတွက် ဒဏ်ရာရှိသူအား မဏိမေခလာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် နန်းတွင်းတပ်ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းသေနတ်ဖြင့် ပစ်ခတ်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကာ အခင်းဖြစ်ရာအနီးမှ USA 9MM LUGE R အဖြူရောင် ကျည်ခွံ ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်းလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။