◼️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးအား အကူအညီနှစ်ဆတိုးပေးလျက်ရှိဟုဆို
၁၁. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
အောက်တိုဘာ ၇ ရက်တွင် ဟားမားစ်စစ်သွေးကြွတို့၏ အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှုမှ စတင်ခဲ့သော အစ္စရေး-ဟားမားစ် စစ်ပွဲက ပြင်းထန်စွာဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်တွင်လည်း အစ္စရေးလေတပ် ဂျက်တိုက်လေယာဉ်များက ဂါဇာမြို့အတွင်း ပစ်မှတ် ၂၀၀ ခန့်ကို လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အစ္စရေးစစ်လေယာဉ်များက ဂါဇာဒေသအတွင်း ဟားမားစ်တပ်မှူး မိုဟာမက်ဒဖ်(Mohammad Deif) ၏ အိမ်ကိုလေကြောင်းတိုက်ခိုက်မှုပြုနိုင်ရန် လုပ်ဆောင်နေကြသည်ဟုလည်း ဆိုသည်။ မိုဟာမက်ဒဖ်က ၎င်းအားဦးတည်ပစ်မှတ်ထားသည့် အစ္စရေးလေတပ်၏ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်စလုံးတွင် ပြင်းထန်သော ဒဏ်ရာများရရှိခဲ့သော်လည်း အသက်ရှင်လွတ်မြောက်ခဲ့သူဖြစ်ကြောင်းလည်း သိရသည်။ သို့သော် ၎င်း၏ဇနီးနှင့်သားသမီးနှစ်ဦးမှာမူ ၂၀၁၄ ခုနှစ် က အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှု၌ သေဆုံးခဲ့ရသည်။
ပဉ္စမမြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သော အစ္စရေး-ဟားမားစ် စစ်ပွဲအတွင်း ဂါဇာကမ်းမြောင် ဒေသ၌ ပါလက်စတိုင်း ၉၀၀ ခန့်သေဆုံးခဲ့ပြီဖြစ်ကြောင်းသိရသလို အစ္စရေးဘက်မှသေဆုံးသူပြည်သူများမှာလည်း ၁,၂၀၀ ဦးအထိရှိလာပြီဖြစ်ကြောင်း နောက်ဆုံးသတင်းများက ဖော်ပြခဲ့ကြသည်။ ဂါဇာကမ်း မြောင်ဒေသအတွင်း ကယ်ဆယ်ရေးသမားများမှာ အသက်ရှင်ကျန်ရစ်သူများကို ကယ်ထုတ်နိင်ရေးကြိုးပမ်းနေကြရာတွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများကြောင့် အခက်အခဲတွေ့နေရကြောင်း ဆိုကြသည်။ ထိုအတောအတွင်း ဂါဇာသို့ အစားအသောက်၊ ရေနှင့် အထောက်အပံ့များပေးပို့မှုကို ဖြတ်တောက်ထားမည်ဟု အစ္စရေးက ကြေညာခဲ့ရာ လူ့အခွင့်အရေးအုပ်စုများက ရှုတ်ချခဲ့ကြသည်။
အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်မှုများလည်း ရှိနေသေးကြောင်း သိရသလို လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးတပ်ဖွဲ့များအကြားတွင်လည်း ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း သိရသည်။ ထို့ပြင် ဆီးရီးယားနိုင်ငံအတွင်းမှပစ်လွှတ်သော အမြောက်ဆံများက အောက်တိုဘာ ၁၀ ရက်တွင် အစ္စရေးနိုင်ငံအတွင်း ကျရောက်ခဲ့သေးကြောင်း အစ္စရေးစစ်ဖက်က ပြောခဲ့သည်။ ဂါဇာနယ်စပ်တွင် အစ္စရေးတပ်ဖွဲ့ဝင် ၃၀၀,၀၀၀ ခန့် တပ်ဖြန့်ချထားခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။
အစ္စရေးနိုင်ငံအား ဟားမားစ်တို့၏ ဝင်ရောက်တိုက်ခိုက်မှု နောက်ပိုင်းတွင် ဂါဇာကမ်းမြောင်အားဗုံးမိုးရွာ၍ လက်တုံ့ပြန်နိုင်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အစ္စရေးသို့ အကူအညီနှစ်ဆတိုးပေးခဲ့ကြောင်း သိရသည်။
အစ္စရေးနိုင်ငံသား ကျူးကျော်အခြေချနေထိုင်သူ ၈၀၀ ကျော်က အစ္စရေးတို့သိမ်းပိုက်ထားသော အရှေ့ ဂျေရုစလမ်ရှိ အယ်လ်အက်ဆာ ဗလီဝင်းအတွင်း အစ္စရေးတပ်ဖွဲများအကာအကွယ်ဖြင့် အောက်တိုဘာ ၅ ရက်က ဝင်ရောက်နေထိုင်ခဲ့ကြကာ ပြီးခဲ့သည့်လများအတွင်း အစ္စရေးတို့၏ အသတ်ခံရသော ပါလက်စတိုင်းများက စံချိန်တင်အောင် ရှိခဲ့အပြီးတွင် ဤသို့ ဟားမားစ်တို့က အောက်တိုဘာ ၇ ရက်၌ အစ္စရေးနိုင်ငံအတွင်း ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းလည်းဖြစ်သည်။
Ref——- The Times of Israel, Al Jazeera