၈. ၁၀. ၂၀၂၃
Written by Ko Kyaw (Minbu)
မကွေးတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာနှစ်တွင်လယ်ယာသီးနှံများ တိုးမြှင့်ကာထုတ်လုပ်နိုင်ရေးအတွက် ဆိုလာစနစ်တပ်ဆင်ကာ စက်ရေတွင်းသစ် ၁၂ တွင်းတူးဖော်နေမှုမှာ ၇၀ ရာခိုင်နှုန်းထိပြီးစီးနေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ညွှန်ကြားရေးမှုးဦးမြင့်ဦးထံက သိရသည်။
တောင်သူများစိုက်ပျိုးရေခက်ခဲမှု အဆင်ပြေရေးနှင့် စိုက်ပျိုးရေးကဏ္ဍတိုးတက်လာစေရေးအတွက် စက်ရေတွင်းများ တူးဖော်ပေးခြင်းလည်း ဖြစ်သည်။
“မကွေးတိုင်းဒေသကြီးဟာ မြန်မာပြည်အလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းမှာ တည်ရှိပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် စိုက်ပျိုးရေရရှိရေးက အဓိကအရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ရှေးယခင်က မိုးရာသီကာလမှာပဲ သီးနှံတွေကို အဓိကစိုက်ပျိုးထုတ်လုပ်ကြပြီး၊ နွေရာသီနဲ့ ဆောင်းရာသီကာလမှာ စိုက်ပျိုးရေအခက်အခဲကြောင့် တောင်သူတွေ စိုက်ပျိုးလုပ်ကိုင်ဖို့ခက်ခဲမှုရှိခဲ့ကြပါတယ်။ ဒါကြောင့် နွေရာသီ၊ မိုးရာသီ၊ဆောင်းရာသီ သုံးရာသီလုံးစိုက်ပျိုးနိုင်စေဖို့ ရေတင်လုပ်ငန်းတွေနဲ့ မြေအောက်စက်ရေတွင်းတွေ တူးဖော်ပြီးစိုက်ပျိုးရေရရှိရေး အလေးထားဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဦးမြင့်ဦးက ပြောသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မကွေးမြို့နယ်တွင် ၄ လက်မခွဲပိုက် စက်ရေတွင်း ၁၀ တွင်းတူးဖော်ကာ ဆိုလာ ၂ ဒသမ ၂ ကီလိုဝပ်စနစ်ဖြင့် လယ်ယာမြေဧက ၁၅၀ စိုက်ပျိုးရေပေးဝေနိုင်ရေးလုပ်ငန်းမှာ ၇၀ ရာခိုင်နှုန်းပြီးစီးထားပြီး မကွေးမြို့နယ်အတွင်း တူးဖော်ပြီး ၁၀ လက်မပိုက် စက်ရေတွင်းတွင် ဆိုလာ ၈ ဒသမ ၈ ကီလိုဝပ်စနစ်တပ်ဆင်ခြင်းလုပ်ငန်းမှာ လယ်ယာမြေဧက ၃၀ ဧကစိုက်ပျိုးရေပေးဝေရေးလုပ်ငန်းမှာ ၇၀ ရာခိုင်နှုန်းပြီးစီးနေသလို စလင်းမြို့နယ်အတွင်း ၈ လက်မ စက်ရေတွင်းတူးဖော်နေမှုနှင့် ဆိုလာ ၁၂ ဒသမ ၁ ကီလိုဝပ်စနစ်ဖြင့် လယ်ယာမြေဧက ၃၀ အား စိုက်ပျိုးရေပေးဝေနိုင်ရေးလုပ်ငန်းမှာလည်း ၇၀ ရာခိုင်နှုန်းထိပြီးစီနေပြီဖြစ်ကြောင်းကို ၎င်းက ပြောပြသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရေတင်လုပ်ငန်း ၃၂ ခုမှ လယ်ယာသီးနှံများ စိုက်ပျိုးထုတ်လုပ်နေသော တောင်သူများကို နွေသီးနှံ၊ မိုးသီးနှံ၊ ဆောင်းသီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေများဖြန့်ဝေပေးနေရာ ယခုနှစ်မိုးရာသီကာလတွင် စပါးစိုက်ဧက ၅၃၉၈ ဧကနှင့်အခြားသီးနှံစိုက်ဧက ၁၂၂၄၈ ဧကအား စိုက်ပျိုးရေများပေးဝေနေကြောင်းလည်း မကွေးတိုင်းဒေသကြီး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)ထံက သိရသည်။