October 19, 2024

၉. ၁၀. ၂၀၂၃

Written by Nyein Kyaw

ဒေါ်လာဈေးနှုန်း တည်ငြိမ်နေသော်လည်း အစ္စရေးစစ်ပွဲအရှိန်နှင့်အတူ ကမ္ဘာ့‌ရွှေစျေးမြင့်တက်လာခြင်းကြောင့်ဆိုကာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်း ကျပ် ၇ သိန်းကျော် ခုန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၃၄ သိန်းကျော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

အောက်တိုဘာလ ၉ ရက် (ယနေ့)တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၈၅၁ ဒေါ်လာသို့ ရောက်ရှိခဲ့ပြီး သုံးရက်အတွင်း ဒေါ်လာ ၅၀ မြင့်တက်ခဲ့သည်။ ယနေ့တွင် ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၄၁၅,၀၀၀ သို့ မြင့်တက်လာခဲ့ပြီး သုံးရက်အတွင်း ကျပ် ၃၀,၀၀၀ မြင့်တက်ခဲ့သည်။

ယခင်က YGEA ၏ သတ်မှတ်ရည်ညွှန်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၁ သိန်းခွဲဝန်းကျင်သာ သတ်မှတ်ခဲ့ရာမှ အောက်တိုဘာ ၇ ရက်မှစ၍ ကျပ် ၂၈ သိန်းခွဲဝန်းကျင်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယနေ့တွင် ကျပ် ၂,၈၉၂,၉၀၀ သို့ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့ကြေးငွေ ကျပ် ၃၀,၀၀၀ ထောက်ပံ့ပေးမည်ဆိုသောကြောင့် ကျပ် ၃၅ သိန်းဝန်းကျင်သို့ ဆွဲတင်ခဲ့သည့် ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေး ကျဆင်းနေခြင်းနှင့် ဒေါ်လာဈေးနှုန်း တည်ငြိမ်နေမှုတို့ကြောင့် အောက်တိုဘာလ ၂ ရက်မှစတင်၍ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာချိန်တွင် YGEA ၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်းပါ တိုးမြှင့်သတ်မှတ်လာခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းလည်း ပြန်လည်တက်ရိပ်ပြလာခဲ့သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ ဖြစ်ပေါ်မှုအခြေအနေမှာ အောက်တိုဘာလ ၅ ရက်တွင် ရွှေဈေးနှုန်း ၃,၄၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၉၀ ကျပ်၊ အောက်တိုဘာလ ၆ ရက်တွင် ရွှေဈေးနှုန်း ၃,၃၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၆၀ ကျပ်၊ အောက်တိုဘာလ ၇ ရက်တွင် ရွှေဈေးနှုန်း ၃,၃၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၅၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *