October 19, 2024

၉. ၁၀. ၂၀၂၃

Written by Nyein Kyaw

အောက်တိုဘာလ ၁ ရက်မှစတင်၍ အလုပ်သမား ၁၀ ဦးနှင့်အထက်ရှိသည့် လုပ်ငန်းများအားလုံးအတွက် တစ်ရက်လုပ်ခ ၈ နာရီအတွက် အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ အပြင် အပိုထောက်ပံ့ကြေးငွေ ကျပ် ၁၀၀၀ ဖြင့် ကျပ် ၅၈၀၀ သတ်မှတ်ကြောင်း အလုပ်သမားဝန်ကြီး ဌာန၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃)ဖြင့် အောက်တိုဘာလ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဃ) နှင့်အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်၍ ဆုံးဖြတ်ခဲ့သည့် “မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ် (‌ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်လုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် ၄,၈၀၀ (လေးထောင့်ရှစ်ရှာကျပ်)” ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီမှ ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၈) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့သည်။

အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမား၏ လုပ်ခကို “အလုပ်ချိန် တစ်နေ့ ၈ နာရီ အတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ (ကျပ်တစ်ထောင်တိတိ)ကို ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် နေ့စားလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၅,၈၀၀ (ကျပ်ငါး‌ထောင့်ရှစ်ရာတိတိ)ကို ခွင့်ပြုရန်ဖြစ်ပါသည်” ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာအမှတ် (၇၀/၂၀၂၃) ဖြင့် ထုတ်ပြန်သတ်မှတ်ပြီးဖြစ်သည်။

သို့ဖြစ်ရာ အနည်းဆုံးအခကြေးငွေနှုန်းထားများကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ)နှင့်အညီ “မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ် (‌ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်လုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် ၄,၈၀၀ (လေးထောင့်ရှစ်ရာကျပ်)” သတ်မှတ်ခဲ့ခြင်းအပေါ် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် ကျပ် ၅၈၀၀ ဖြစ်ကြောင်း သတ်မှတ်ပေးလိုက်သည်။

အဆိုပါသတ်မှတ်ချက်သည် အလုပ်သမား ၁၀ ဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရနှင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃)ကို ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃)တွင် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား အနည်းဆုံးအခကြေးငွေကို မူလသတ်မှတ်ထားသော အလုပ်ချိန် ၈ နာရီ(တစ်ရက်)အတွက် ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ (ကျပ်တစ်ထာင်တိတိ)နှုန်း ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် ကျပ် ၅,၈၀၀ (ကျပ်ငါးထောင့်ရှစ်ရာတိတိ) ဖြစ်ကြောင်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *